အမ်း-ပဒါန်းလမ်းပိုင်းလုံခြုံရေးယူသည့် စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ဟု CDF-Asho ထုတ်ပြန်
Chinland Channel / ၂၆ နိုဝင်ဘာ ၂၀၂၄
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမကြီးပေါ် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ချုံခို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က နိုဝင်ဘာ ၂၅ တွင်သတင်းထုတ်ပြန်ထားသည်။
ချင်းကာကွယ်ရေးတပ် – အရှိုအနေဖြင့် စစ်ကောင်စီ၏အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ ဘက်ကို စစ်ကူသွားမည့် စစ်ကားများအတွက် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၂၅ ရက်၊ မနက်ပိုင်း ၆ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းသည်ဟု ဖော်ပြထားသည်။
CDF-Asho အနေဖြင့် အမ်း-ပါန်းလမ်းပိုင်းကိုစိုးမိုးနိုင်ရေးလုံခြုံရေးယူနေစဉ် ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ အနီး ဘုန်းကြီးကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်သည် မင်းဘူးမြို့မှ အမ်းမြို့ဘက်ကို စစ်ကူ သွားမည့် ကားများအတွက်လုံခြုံရေးယူပေးရန် အမ်း-ပဒါန်းလမ်းပေါ် ခွန်ဇူရွာလမ်းခွဲကို ရောက်ရှိလာကြ၍ လက်ဦးမှုယူကာ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ( ၄ ) ဦးပွဲချင်းပြီးသေဆုံးသွားပြီး ဒဏ်ရာရရှိမှုများပြားခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများထံမှ အမ်အေ (၁) သေနတ်အမျိုးအစား တစ်လက်၊ ကျောပိုးအိတ်တစ်လုံး၊ တပ်မ (၈၈) တံဆိပ်ပါ စစ်အင်္ကျီနှင့်စစ်ဝတ်စုံအချို့ကိုသိမ်းဆည်းနိုင်ခဲ့သည်ဟု CDF-Asho စစ်ရေးမှတ်တမ်းဌာန ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
CDF-Asho တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာ ၃ ရက်နေ့တို့၌ အမ်းမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကိုအရှင်ဖမ်းမိခဲ့ပြီး နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ များနှင့်အညီ ထိန်းသိမ်းလျက်ရှိကြောင်းနိုဝင်ဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
သတင်း -Jessie
ဓါတ်ပုံ – CDF-Asho

