October 6, 2025

မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် လူသုံးဦးကို စိတ်ကြွဆေးအမြောက်အများနှင့်အတူ မီဇိုရမ်၌ဖမ်းဆီးရမိ

0

Chinland Channel/ ၂၄ နိုဝင်ဘာ ၂၀၂၄

မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင် ( Mamit  District) ၌ မြန်မာနိုင်ငံသားတစ်ဦးနှင့် အခြား ၂ ဦး၊ အားလုံးပေါင်း လူ ၃ ဦးထံမှ စိတ်ကြွဆေးပြားအမြောက်အများကို နိုဝင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးရမိကြောင်း Bengvarna သတင်းဌာနမှ ဖော်ပြသည်။

Bengvarna သတင်းဌာန၏ဖော်ပြချက်အရ စိတ်ကြွဆေးပြား ( Methamphetamine ) များကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွါပွီးချစ်ပ်ကျေးရွာ ( Khawpuichhip ) မှ Malsawmdinga (အသက် ၃၃ နှစ်) နှင့် အိုင်ဇောလ်မြို့ခံ များဖြစ်ကြသည့် Lalhmunsiama (အသက် ၂၇ နှစ်) နှင့် Vanlalenga (အသက် ၂၁ နှစ်) တို့ထံမှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်းသိရသည်။

၎င်းမူးယစ်ဆေးဝါးများကို Malsawmdinga တို့အဖွဲ့မှ Ford Figo (MZ/01 M6507) ကားအမျိုးအစားဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး မာမစ်ခရိုင် Zamuang ကျေးရွာအနီး၌ တာဝန်ရှိသူများမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးများသည် ၁၃ ကီလိုဂရမ်အလေးချိန်ရှိပြီး နိုင်ငံတကာပေါက်စျေးဖြင့် ရူပီး ၁၆,၉၀၀,၀၀၉ တန်ဖိုးရှိသည်ဟု Bengvarna သတင်းဌာနမှဖော်ပြသည်။

ယခုဖမ်းဆီးမှုကို မာမစ်ခရိုင်ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို တို့ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခြင်းခံရသူများကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည် ဟု သိရသည်။

အရက်သေစာကို တရားဝင်ရောင်းချခွင့်ပိတ်ပင်ထားသည့် မီဇိုရမ်၌ လူငယ် လူလတ်ပိုင်းများ မူးယစ်ဆေးဝါးကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ဒုတိယအပတ်အထိ ၁၁ လအတွင်း  မီဇိုရမ်၌ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၆၈ ဦးသေဆုံးကြောင်း Thehindu.com မှ ဖော်ပြသည်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed