October 6, 2025

၄ လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီ ၅၀ ကျော်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက် ၅၀ကျော် သိမ်းဆည်းနိုင်ခဲ့ဟု CDF-Hakha ပြော

0

Chinland Channel / ၁၁ နိုဝင်ဘာ ၂၀၂၄ 

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) အနေနဲ့ ၄ လ ကျော်အတွင်း စစ်ကောင်စီနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ ၅၃ ဦးကိုရှင်းလင်းနိုင်ခဲ့သလို လက်နက် ၅၂ လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု CDF-Hakha ဥက္ကဋ္ဌ ဆလိုင်း ဟရမ်လျန် ( Salai Hram Lian ) က ပြောပါတယ်။ 

ဇူလိုင်လ ၂၂ ရက်ကနေစတင်ခဲ့တဲ့ Tilim Operation – 4 စစ်ဆင်ရေးကိုပါဝင်အားဖြည့်တဲ့အနေနဲ့ CDF-Hakha ရဲ့လုပ်ဆောင်ချက်တွေကို ဒီနေ့မနက်ပိုင်း CDF-Hakha Supporting of North America ကပြုလုပ်တဲ့ အွန်လိုင်း ရံပုံငွေရှာဖွေရေးအစီအစဉ်ကနေ CDF-Hakha ဥက္ကဋ္ဌက ပြောကြားထားတာဖြစ်တယ်။

ထန်တလန်မြို့သိမ်းတိုက်ပွဲက အလွန်အရေးပါပြီး ထန်တလန်မြို့ကိုသိမ်းပိုက်နိုင်ရင် ဟားခါးမြို့တစ်ဝက်ကို သိမ်းပိုက်သလိုဖြစ်မယ်လို့ယူဆကြောင်း နဲ့ Tilim Operation – 4 ကိုရာနှုန်းပြည့်ထောက်ခံအားပေးကာ ပါဝင်တိုက်ခိုက်နေကြောင်းသူက ဆိုပါတယ်။

“ထန်တလန်မြို့က နှစ်ဖက်စလုံးအတွက်အလွန်အရေးပါတယ်။ စစ်သိက္ခာအရကောနယ်မြေအရပါအရေးပါတယ်။ ထန်တလန်ကိုသိမ်းနိုင်ရင် ဟားခါးမြို့ရဲ့တစ်ဝက်ကိုသိမ်းပိုက်သလိုဖြစ်သွားမယ်။

“ထန်တလန်မြို့က နှစ်ဖက်စလုံးအတွက်အလွန်အရေးပါတယ်။ စစ်သိက္ခာအရကောနယ်မြေအရပါအရေးပါတယ်။ ထန်တလန်ကိုသိမ်းနိုင်ရင် ဟားခါးမြို့ရဲ့တစ်ဝက်ကိုသိမ်းပိုက်သလိုဖြစ်သွားမယ်။ ဒါ့ကြောင့် ထန်တလန် ဘက်မှာ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ ပါဝင်တိုက်ခိုက်ဖို့ ရဲဘော်တွေလွှတ်ပေးသလို ဟားခါးနဲ့အနီးတစ်ဝိုက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေအမြဲတမ်းလုပ်ဆောင်နေတယ်။” လို့ Salai Hram Lian က ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ ၄ လကျော်ကာလအတွင်း စစ်ကောင်စီနဲ့ CDF-Hakha ကြား တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့တာမှာ အလောင်းအတည်ပြုနိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးရှိသလို ၆၀မမ ၊ ၄၀မမ နဲ့ MA15 (ငါးကြင်းမြှီး) တို့အပါအဝင် ရန်သူ့လက်နက် ၅၂ လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကာ ၁၄ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဟားခါးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ စစ်သား ၄ ဦးတို့အလင်းဝင် လာခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို မဆုံးရှုံးရေး ဆက်တိုက်ကြိုးစားနေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေဆက်တိုက်ပြုလုပ်ပြီး ဟားခါးမြို့အထိုင်ဗျူဟာကိုလည်း လက်နက်ခဲယမ်း၊ ရိက္ခာ နဲ့ လူ အင်အားတွေပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဟားခါးမြို့ကိုလူအင်အားလာပို့တဲ့ Mi-17 ရဟက်ယာဉ်ကို CDF-Hakha က ပစ်ခတ်ခဲ့လို့ အမှီးပိုင်းအင်ဂျင်ထိပြီးပျက်ဆီးသွားကြောင်း နိုဝင်ဘာလ ၃ ရက်နေ့မှာအလင်းဝင်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောကြားတယ်လို့ ဆိုပါတယ်။

CDF-Hakha က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်ကစလို့ ဟားခါးမြို့ပေါ်နေပြည်သူများအနေဖြင့် ညဘက် အပြင်မထွက်ဖို့အသိပေးထုတ်ပြန်ထားပြီးဖြစ်ကာ ဒါကိုအလေးထား လိုက်နာပေးကြဖို့လည်း Salai Hram Lian က ဒီမနက်ပိုင်းမှာထည့်သွင်းပြောကြားထားပါတယ်။

သတင်း – Jessie 

( ဓါတ်ပုံ – ဟားခါးမြို့နားက ကီယမ်တောင် (Kiamtlang ) သိမ်းပိုက်ခဲ့စဉ်ကမှတ်တမ်းဓါတ်ပုံ။ (ပုံအဟောင်းဖြစ်ပါသည်။) 

ဓါတ်ပုံ – ရှေ့တန်းစစ်မျက်နှာပြင်မှ တော်လှန်ရေးရဲဘော်များ (ပုံအဟောင်းဖြစ်ပါသည်။)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed