(၄) နှစ်တာကာလအတွင်း CDF-KKG တပ်ဖွဲ့ဝင် (၇၃) ယောက်ကျဆုံး၊ (၁၅၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ
Chinland Channel / ၂ ဇူလိုင် ၂၀၂၅
CDF-KKG စတင်ဖွဲ့စည်းချိန်ကစပြီး အဖွဲ့အစည်းသက်တမ်း (၄) နှစ် ပြည့်ချိန်အထိ ရဲဘော် (၇၃) ယောက်ကျဆုံးခဲ့သလို၊ ကိုယ်လက်အင်္ဂါပေးဆပ်သူနဲ့ ဒဏ်ရာရရှိသူပေါင်း (၁၅၀) ကျော်ရှိတယ်လို့ ၎င်းအဖွဲ့အစည်းရဲ့ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
CDF-KKG ကို အကြမ်းဖက်စစ်တပ်ကနေ ၂၀၂၁ မှာ နိုင်ငံတော်အချုပ်အခြာအာဏာကို မတရားသိမ်းပိုက်ယူပြီးမကြာခင်မှာပဲ စတင်ခဲ့တာဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်နှင့်တကွ အာဏာရှင်စနစ်မှန်သမျှ တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းလူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တို့ကို ရည်ရွယ် ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ကျနော်တို့ CDF-KKG ရဲ့ စတင်ရက်ကိုတော့ ၂၀၂၁ ဇူလိုင်လ ၁ ရက်နေ့လို့ တရားဝင်သတ်မှတ်ထားတာပေါ့နော်။ အကြောင်းက အဖွဲ့အစည်း ဖွဲ့စည်းကြောင်း တရားဝင်စာထုတ်တဲ့ နေ့စွဲ ဖြစ်လို့ပါ။ CDF-KKG ဖြစ်လာဖို့အတွက် လုပ်ဆောင်မှုတွေက ၂၀၂၁ ဧပြီ၊ မေလ မှာကတည်း စတင်နေပြီ ဖြစ်သလို ရုပ်လုံးလည်း ပေါ်နေခဲ့ပြီ ဖြစ်ပါတယ်။ “ – လို့ CDF-KKG ပြောရေးဆိုခွင့် ရှိသူက Chinland Channel ကို ပြောကြားပါတယ်။
CDF-KKG ကို စတင်ဖွဲ့စည်းချိန်ကစပြီး တော်လှန်ရေးသက်တမ်း (၄) နှစ်အတွင်းမှာ တိုက်ပွဲပေါင်း (၄၀၀) ကျော်အတွင်းမှာ ပါဝင်ဆင်နွဲတိုက်ခိုက်နိုင်ခဲ့သလို CDF-KKG Major Operation ကိုလည်း ၂၀၂၄ မှာစတင်ပြင်ဆင်ခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အကောင်အထည်ဖော် ဆင်နွဲခဲ့ရာ စကစစစ်စခန်း (၅) ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ (၄) နှစ်ကာလအတွင်းမှာ ကျနော်တို့က ဒေသနေရာမျိုးစုံမှာ မဟာမိတ်အဖွဲ့အစည်းမျိုးစုံနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တာမှာ တိုက်ပွဲအကြီး၊ အသေးပေါင်း (၄၀၀) ကျော်ကို ရှိခဲ့ပါတယ်။ ကျဆုံးရဲဘော်က (၇၃) ယောက်၊ ဒဏ်ရာရနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်သူပေါင်းက (၁၅၀) ကျော်ခဲ့ပါတယ်။ CDF-KKG အနေနဲ့ အခြေပြုလှုပ်ရှားတဲ့ ကလေး-ကဘော်-ဂန့်ဂေါ ဒေသဆိုတာက တော်တော်လေးကို ကျယ်ပြန့်ပါတယ်၊ တိုင်းရင်းသား လူမျိုးအစုံ မှီတင်းနေထိုင်ရာ ဒေသလည်း ဖြစ်တယ်။ CDF-KKG အနေနဲ့ ဒီဒေသအတွင်းမှာသာမက အနီးနားဝန်းကျင်ဒေသတွေမှာပါ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း တွေနဲ့ရော၊ ချင်းပြည်ဘက်က CDF တွေ၊ CNA တို့နဲ့ပါ ပူးတွဲပြီး နေရာဒေသပေါင်းစုံမှာ တိုက်ပွဲဝင်ခဲ့တာပါ။ ဒါပေမယ့် CDF-KKG ရဲ့ Major Operation ဆိုတာမျိုးကိုတော့ ၂၀၂၄ နှစ်ဝက်ရောက်သည်ထိ မလုပ်ဆောင်နိုင်ခဲ့သေးပါဘူး။ အဲ့ဒီနောက်ပိုင်းမှာတော့ ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စတင်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီး ၂၀၂၅ မှာပဲ မဟာမိတ်တပ်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စစ်ဆင်ရေး စခဲ့တာပါ။ Major Operation အတွင်းမှာ ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စကစ စခန်း (၅) ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး CDF-KKG အတွက် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ “ – လို့ အဆိုပါ ပြောရေးရှိခွင့်သူက Chinland Channel ကို ဆက်ပြောပါတယ်။
CDF-KKG ရဲ့ လက်ရှိ စစ်ရေး လှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ဆက်လက်မေးမြန်းကြည့်ရာမှာ – “ ကျနော်တို့က လောလောလယ် စစ်မျက်နှာစုံနေတယ်လို့ ပြောရမယ်။ ကလေးမြို့ကနေ ချင်းတောင်ကို တက်တဲ့ စကစစစ်ကြောင်းကို စုပေါင်းခုခံနေကြတဲ့ နေရာမှာလည်း ကျနော်တို့ တပ်ရင်းနဲ့ ရဲဘော်တွေ ပါဝင်နေပါတယ်။ ပြီးတော့ CDF-KKG Major Operation အနေနဲ့ စစ်ရေးဖော်ဆောင်ခဲ့တာက ကြံသာရွာအထိ သိမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် စကစဘက်ကလည်း ဟံသာဝတီရွာဘက်ကနေ ပြင်ဆင်မှုကောင်းကောင်းနဲ့ ဆုံးရှုံးနယ်မြေတွေကို ပြန်ရဖို့ ထိုးစစ်ဆင်မှုတွေ လုပ်နေပြီး ထိတွေ့တိုက်ပွဲတွေက နေ့တိုင်းနီးပါး ရှိနေပါတယ်။ တစ်လက်မ မှတော့ သူတို့ ပြန်မရသေးပါဘူး။ နောက်ထပ်က ဂန့်ဂေါဘက်မှာလည်း စစ်ကောင်စီက တပ်စခန်းချမှုတွေနဲ့အတူ စစ်ရေးက တင်းမာနေပါတယ်။ “ – လို့ ၎င်းက ဆက်ပြောပါတယ်။
CDF-KKG အဖွဲ့အစည်း လှုပ်ရှားသည့် ဒေသဖြစ်သော ကလေး-ကဘော်-ဂန့်ဂေါ ဒေသလွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး အကြမ်းဖက်စစ်ကောင်စီ လက်မှလွတ်မြောက်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက် ဖော်ပြထားကြောင်းပါ။
ဓါတ်ပုံ – CDF KKG
ပုံအညွန်း – CDF KKG သင်တန်းဆင်းပွဲ ပုံရိပ် (ပုံဟောင်းဖြစ်ပါသည် )
