အိန္ဒိယ-မြန်မာနယ်စပ်ချောင်းမှာ စက်လှေ ၇ စီးတိမ်းမှောက်လို့မြန်မာနိုင်ငံသား ၃ ဦးသေဆုံး ဟုဆို
Chinland Channel / ၂ ဇွန် ၂၀၂၅
အိန္ဒိယနိုင်ငံ ၊ ရှာဟာခရိုင် နဲ့ မြန်မာနိုင်ငံနယ်စပ် ( Salachhuah ) ဘက်မှာ စက်လှေ ၇ စီးတိမ်းမှောက်လို့ မြန်မာနိုင်ငံသား ၃ ဦးသေဆုံးခဲ့တယ်လို့ မီဇိုရမ်အခြေစိုက် DD News Mizoram က ဒီညနေမှာဖော်ပြ ပါတယ်။
ယင်းဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေမိုးချုပ်ခါနီးမှာဖြစ်တာလို့ အဆိုပါသတင်းက ဖော်ပြထား ပါတယ်။
စက်လှေမတော်တဆဖြစ်တဲ့ နေရာဟာ အိန္ဒိယ-မြန်မာ နယ်စပ်ချောင်းဖြစ်ပြီး အိန္ဒိယဘက်က ဝယ်ယူတဲ့ ကုန်ပစ္စည်း များကိုမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်ကို အဓိကတင်သွင်းတဲ့လမ်းကြောင်းဖြစ်ပါတယ်။
မေလ ၃၁ ရက်ညနေပိုင်းမှာ ကုန်ပစ္စည်းတင်ဆောင်တဲ့ စက်လှေ ၇ စီးဟာ မြစ်ကိုကူးဖြတ်စဉ် မြစ်ရေ ကြီးလွန်းတာကြောင့် အကုန်လုံးတိမ်းမှောက်သွားတာဖြစ်ပြီးတော့ အဆိုပါ စက်လှေ ၇ စီးပေါ်မှာ လူ ၁၄ ဦးလိုက်ပါသွားပြီး ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကာ ဒီညနေအထိ အလောင်းများကိုရှာမတွေ့သေးဘူးလို့ သိရပါ တယ်။
ယခုရက်သတ္တပတ်အတွင်း မီဇိုရမ်ပြည်နယ်နေရာတိုင်းမှာ အဆက်မပြတ်မိုးရွာသွန်းလို့ မြစ်၊ ချောင်းရေများအလွန် ကြီးမားသလို အိမ်ပြို၊ မြေပြိုမှုတွေကြောင့် အပျက်အဆီးနဲ့ လူသေဆုံးမှုများ လည်းရှိနေပါတယ်။
အလားတူ မိုးကြီးရေကြီးလို့ အိန္ဒိယ-မြန်မာနယ်စပ်က တွီဒင်းကျေးရွာ နဲ့ ကာကီကျေးရွာမှာ နေထိုင်ကြတဲ့ ပလက်ဝစစ်ဘေးရှောင်များရဲ့ နေအိမ် ၉၀ နီးပါးလုံးဝပျက်စီးသွားပြီး လက်ရှိမှာ အကူအညီလိုအပ်နေတယ် လို့သိရပါတယ်။
သတင်း – Jessie
ဓါတ်ပုံ – လူမှုကွန်ယက်
