အိန္ဒိယရောက်မြန်မာနိုင်ငံသားများ သတိထားလိုက်နာရမယ့်အချက်တွေကို CRC New Delhli ထုတ်ပြန်
Chinland Channel / ၂၈ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ပဋိပက္ခများအကြား အသက်ဘေးလုံခြုံရန်အတွက် အိန္ဒိယနိုင်ငံဘက်ကို ခိုလှုံကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် သတိထားလိုက်နာ ရမယ့် အချက်တွေကို ချင်းဒုက္ခသည်ကော်မတီ နယူးဒေလီက မနေ့ဧပြီ ၂၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသားများဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ မီဇိုရမ်ပြည်နယ် ၊ မဏိပူရ်ပြည်နယ် နဲ့ နာဂလဲန်းပြည်နယ် များ တွင်ခိုလှုံနေထိုင်လျက်ရှိကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်ကွန်ဗင်းရှင်း ၁၉၅၁ ကိုလက်မှတ်ရေးထိုးထားခြင်းမရှိတဲ့နိုင်ငံဖြစ်ပေမယ့် အိမ်နီးချင်း ကောင်းပီသစွာ မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်ပြုထားတာကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယနိုင်ငံရဲ့ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီများနဲ့ အစိုးရအာဏာပိုင်များကို ကျေးဇူး တင်တဲ့အနေဖြင့်အောက်ပါအချက်တွေကို သတိထားလိုက်နာရမယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံအတွင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားများလိုက်နာရမယ့်အချက်တွေကတော့ မူးယစ်ဆေးဝါးနဲ့ တရား မဝင်ရောင်းဝယ်ဖောက်ကားမှုများမှာ ပါဝင်ပတ်သက်မှုမလုပ်ကြန်ရန်၊ တည်ဆဲဥပဒေများကိုလိုက်နာရန်၊ အိန္ဒိယ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများ ၊ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာထုတ်ပြန်ထားတဲ့စည်းကမ်းများ ကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မိမိတို့နေထိုင်လျက်ရှိတဲ့ ပတ်ဝန်းကျင်ရှိဒေသခံများနဲ့ လိုက်လျောညီထွေဆက်ဆံပေါင်းသင်းကြရန် နဲ့ မြန်မာနိုင်ငံသား လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့ကွန်မြူနတီအသီးသီးထံ အထက်ပါအချက်များကို ပြန်လည်ဖြန့်ဝေကြဖို့လည်း အသိပေးထားပါတယ်။
ချင်းဒုက္ခသည်ကော်မတီ နယူးဒေလီ ဟာပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယ အထက်လွှတ်တော်အမတ် Richard Vanlalhmangaiha နဲ့သွားရောက်တွေ့ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံရှိ မြန်မာ နိုင်ငံသားများရဲ့ အခက်အခဲ၊အကြပ်အတည်းများကို တင်ပြဆွေးနွေးခဲ့ပါတယ်။
သတင်း – Jessie
ပုံအညွှန်း – CRC တာဝန်ရှိသူများနဲ့ Richard Vanlalhmangaiha တို့တွေ့ဆုံကြစဉ်/ CRC ထုတ်ပြန်ချက်
ဓါတ်ပုံ – CRC New Delhi
