October 6, 2025

ဟွာလ်ငိုးရမ်းဒေသဟာ စစ်အစိုးရခေတ်အဆက်ဆက်သတ်မှတ်ထားတဲ့မည်သည့်မြို့နယ်နယ်နိမိတ်အောက်မှာမှ မရှိဘူးလို့ဆို

0

Chinland Channel / ၂၁ မေ ၂၀၂၅

ဟွာလ်ငိုးရမ်းဒေသဟာ ချင်းပြည်(ချင်းလဲန်း)ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများဖော် ဆောင်နေပြီးခေတ်အဆက်ဆက် စစ်အစိုးရသတ်မှတ်ပေးထားတဲ့ မည်သည့်မြို့နယ် နယ်နိမိတ်အောက်မှာမှ မရှိဘူးလို့ HPO/CDF-Hualngoram က မေလ ၁၉ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ချင်းပြည်ကောင်စီ ၊ ချင်းပြည်အစိုးရနဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတဲ့ အဖွဲ့အစည်း ၁၉ ဖွဲ့အနက် HPO/CDF – Hualngoram ဟာ ၂၀၂၃ ခုနှစ်မှာအတည်ပြုပြဌာန်းလိုက်တဲ့ ချင်းပြည် ( ချင်းလဲန်း) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ဒေသန္တရအစိုးရတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အကြောင့် ဟွာလ်ငိုးရမ်းဒေသအတွင်း ပညာရေး၊ ကျန်းမာရေး နဲ့ ကဏ္ဍအသီးသီးကိုဝန်ဆောင်မှုပေးနေတဲ့ NGOs အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများအနေဖြင့် ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်ငန်းဆောင်ရွက်ခွင့် လုံးဝမရှိဘူးလို့ဆိုထားပါတယ်။

အလားတူ ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရ ထိန်းချုပ်နယ်မြေအတွင်း ပုဂ္ဂလိကဖြစ်စေ၊ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်စေ ဒေသန္တရအစိုးရရဲ့ခွင့်ပြုချက်မပါဘဲ လက်နက်နဲ့အတူဖြတ်သန်းသွားလာခွင့် လုံးဝမရှိဘူး ကြောင်း၊ ဒေသန္တရအစိုးရရဲ့ အစိုးရယန္တရားအား နှောင့်ယှက်တားဆီးခြင်း၊ မထီမဲ့မြင်ပြုခြင်း နဲ့ ပြည်သူ့ဝန်ဆောင် မှုများအား ပိတ်ပင်တားဆီးခြင်းကို လုံးဝလက်မခံဘူးလို့ဖော်ပြထားပါတယ်။

ဒါ့အပြင် ဟွာလ်ငိုးရမ်းဒေသအတွင်း လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် သတင်းမှားများဖြန့်ခြင်း၊ ကြိုးစား ဆောင်ရွက်ခြင်း နဲ့ အမုန်းတရားဖြန့်ခြင်းများကို လုံးဝလက်ခံမှာမဟုတ်ကြောင်း နဲ့ အထက်ပါ သတိပေးထုတ်ပြန် ချက်များကို လိုက်နာခြင်းမရှိပါက ထိထိရောက်ရောက်အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

တစ်ဖက်မှာလည်း ဖလမ်းမြို့နယ်အခြေစိုက်၊ ချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization – CNO ) က ဖွဲ့စည်းပုံအခြေခံဥပဒေမပေါ်ပေါက်ခင်အထိ ဖလမ်းမြို့နယ်နယ်နိတ်မိတ်အတွင်းမှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးရဲ့ဖြစ်တည်မှုကို အသိမှတ်ပြုလျက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကိစ္စအဝဝကို CNO က အကုန်လုံး တာဝန်ယူဆောင်ရွက်လို့ ဖလမ်းမြို့နယ်အတွင်း မျိုးနွယ်စုများကြားစည်းလုံးမှုပျက်ပြားအောင်ဆောင်ရွက်သူများ ကို လုံးဝခွင့်မပြုဘူးလို့ မေလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – HPO/CDF Hualngoram နဲ့ CNO တို့ရဲ့ထုတ်ပြန်ချက်
ဓါတ်ပုံ – HPO/CDF-Hualngoram, CNO

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed