လောက်တူဒေသတွင် Wifi တပ်ဆင်မှုအတွက် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်း ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်
Chinland Channel/ ၁၇ ဇွန်လ ၂၀၂၅
ချင်းပြည်၊ လောက်တူဒေသရှိ ပြည်သူများအနေဖြင့် လောက်တူနယ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ Wifi ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်အသုံးပြုခွင့်ရှိကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လောက်တူဒေသတွင် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ Wifi စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ စီးပွားဖြစ်လုပ်ကိုင်ခြင်းများ ပြုလုပ်ပါက လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဆုံးဖြတ်ချက်အရ အရေးယူခံရမည်ဟု လောက်တူနယ်ဒေသအုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။
Wifi ဆက်သွယ်ရေးစက်ပစ္စည်းများကို ကိုယ်ရေးကိုယ်တာအတွက် တပ်ဆင်အသုံးပြုသူများသည်လည်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ အသုံးပြုရမည်ဟု ဆိုသည်။
ထိုစည်းကမ်းချက်များထဲတွင် ခွင့်ပြုချက်မရှိဘဲ Wifi တပ်ဆင်ခြင်း၊ လုံခြုံရေးနှင့်သက်ဆိုင်သည့် အချက်အလက်၊ မှတ်တမ်းဓာတ်ပုံ၊ တည်နေရာများကို တရားဝင်ထုတ်ပြန်မှုမရှိဘဲ ဖြန့်ဝေခြင်း၊ လူထုစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများရေးသားဖြန့်ဝေခြင်း၊ ကန့်သတ်ထားသည့်နေရာများတွင် ဓာတ်ပုံရိုက်ခြင်း၊ အသံဖမ်းခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ Drone မောင်းနှင်ခြင်းများကိုလည်း တားမြစ်ထားသည်။
လောက်တူဒေသအတွင်း ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေးအတွက် Wifi Internet တပ်ဆင်ချိတ်ဆက်ရေးလုပ်ငန်းရှင်များနှင့် ၂၀၂၄ ခုနှစ်မှစ၍ စာချုပ်ချုပ်ဆိုကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လောက်တူနယ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဆက်သွယ်ရေးနှင့်သက်ဆိုင်သည့် သီးခြားညွှန်ကြားချက်များနှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် အခြားစည်းမျဉ်းစည်းကမ်းများကို ပြည်သူများအနေဖြင့် လိုက်နာပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တော်လှန်ရေးနှင့် ဆက်စပ်သော လုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းထားသည်။
သတင်း- Joshua
ဓာတ်ပုံ-လောက်တူနယ်ဒေသအုပ်ချုပ်ရေးအဖွဲ့

