October 6, 2025

မီဇိုရမ်မှလွဲ၍ အိန္ဒိယရောက် မြန်မာစစ်ပြေးဒုက္ခသည်များ ဖမ်းဆီးခြင်းနှင့် ပြန်ပို့ခြင်း ခြိမ်းခြောက်မှုကြုံနေ

0

Chinland Channel/ ၄မတ်လ၂၀၂၅

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံ စစ်ဘေးဒုက္ခသည်များအား မီဇိုရမ်ပြည်နယ်မှလွဲ၍ အခြားအိန္ဒိယပြည်နယ်များရှိ မြန်မာဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်မှုကြုံနေရကြောင်း India for Myanmar က ယနေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်တွင် နယူးဒေလီရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းတွင် ဝတ်ပြုနေသော မြန်မာစစ်ဘေးဒုက္ခသည်များကို နယူးဒေလီရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး တရားဝင် နေထိုင်ခွင့် အထောက်အထား(သို့) UNHCR ဒုက္ခသည်ကဒ် မရှိသူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထိုနေ့တွင် ဘုရားကျောင်းနှစ်ကျောင်း၏ ဝတ်ပြုအစီအစဉ်များကိုလည်း အတင်းအကြပ် ရပ်တန့်စေခဲ့ကြောင်း India for Myanmar ကဆိုသည်။

မဏိပူရ်နှင့် အာသံပြည်နယ်တို့တွင် ဖမ်းဆီးခံရသော မြန်မာစစ်ဘေးဒုက္ခသည် ၂၅၀ထဲမှ တစ်ဦးသည် ထောင်ထဲတွင် သေဆုံးခဲ့ပြီး ၁၁၅ဦးခန့်ကိုလည်း မဏိပူရ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ စစ်ကောင်စီထံ ပြန်ပို့ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မဏိပူရ်ပြည်နယ်၌ ထိန်းသိမ်းခံရသူ အသက်၅၀နှစ်အရွယ် ဦးအောင်မြင့်သည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် နာတာရှည်ရောဂါခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း လွန်စွာ စိုးရိမ်စရာဖြစ်နေကြောင်း India for Myanmar ထံမှ သိရသည်။

ဖမ်းဆီးခံရသော မြန်မာစစ်ဘေးဒုက္ခသည်များသည် ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံပြီးဖြစ်သော်လည်း နှစ်ရှည်ဆက်လက်ထိန်းသိမ်းခံနေရသည့်အပြင် မဏိပူရ်နှင့် အာသံအစိုးရများ၏ မြန်မာနိုင်သို့ ပြန်ပို့ရန် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိသေးချိန် မြန်မာစစ်ဘေးဒုက္ခသည်များအပေါ် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးရန် တောင်းဆိုထားသည်ဟု အိန္ဒိယ-မြန်မာ အရေးလှုပ်ရှားနေသည့် India for Myanmar ထုတ်ပြန်သည်။

လက်ရှိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ချင်းစစ်ဘေးရှောင်များအပါအဝင် မြန်မာစစ်ဘေးရှောင် ၁၀,၀၀၀ကျော် နေထိုင်ပြီး ထိုအထဲမှ ၃,၀၀၀ ဝန်းကျင်သည် UNHCR ကဒ် ကိုင်ဆောင်သူများဖြစ်ကြကာ အများစုတွင် Asylum Seeker ကဒ် ကိုင်ဆောင်သူများဖြစ်ကြောင်း Chin Refugee Committee ထံမှ သိရသည်။

သတင်း – Joshua
ဓာတ်ပုံ- CJ
ပုံစာ – ၂၀၂၄ခုနှစ်တွင် မြန်မာသို့ ပြန်ပို့ခံရသည့် မြန်မာစစ်ဘေးရှောင်များ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed