October 6, 2025

မလေးရှားနိုင်ငံတွင် အကြမ်းဖက်အသတ်ခံရသည့် ချင်းအမျိုးသမီးအမှုနှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံထားရသူ ၆ ဦး ပြန်လွတ်

0

Chinland Channel/ ၂၇ ဖေဖော်ဝါရီ ၂၀၂၅

မလေးရှားနိုင်ငံတွင် အကြမ်းဖက်အသတ်ခံရသည့် ချင်းအမျိုးသမီးအမှုနှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံထားရသူခြောက်ဦး ယမန်နေ့ (ဖေဖော်ဝါရီ ၂၆)ရက်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း Dai Community in Malaysia (DCM)ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရ်မြို့၊ ပူဒူးတွင် နေထိုင်သည့် မင်းတပ်မြို့နယ်မှ ဒေါ်ယွမ်းဂေဆိုသူသည် ၎င်း၏နေအိမ်တွင် ဓါးဖြင့်ထိုးသတ်ခံခဲ့ရခြင်းဖြစ်ပြီး မလေးရှားအာဏာပိုင်များမှ သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းသည်အပါအဝင် သံသယဖြင့်ဖမ်းဆီးထားရသူအားလုံးကို ပြန်လွတ်ပေးခြင်းဖြစ်သည်ဟု Dai Community in Malaysia (DCM) အဖွဲ့ဝင်တစ်ဦးက Chinland Channel သို့ ပြောသည်။

“ သံသယဖြင့်ဖမ်းဆီးထားရသူအားလုံးက ၁၃ ရက် အချုပ်ကျတာပါ၊ နောက်ပြီးဖမ်းဆီးမိထားတဲ့ တရားခံကိုတော့ စစ်ချက်ယူနေတုန်းပါ တရားရုံးမတင်ရသေးဘူး။အမှုကလည်း မပြီးသေးဘူးဆိုတော့ သေဆုံးသူအလောင်းကိုလည်း ပြန်မရသေးဘူး။ သဂြိုလ်လို့မရသေးပါဘူး” ဟု Dai Community in Malaysia (DCM) အဖွဲ့ဝင်တစ်ဦးက ကဆိုသည်။

အသက် (၃၆) နှစ်အရွယ် ဒေါ်ယွမ်းဂေကို သတ်ဖြတ်သွားသည့် တရားခံကို မလေးရှားအာဏာပိုင်များမှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတရားခံကို စစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဒေါ်ယွမ်းဂေတွင် ၁၀ နှစ်အရွယ်သားလေးတစ်ဦးရှိပြီး မလေးရှားတွင် နေထိုင်နေသည်မှ ၁၅နှစ်ဝန်ကျင် ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း- Joshua
ဓာတ်ပုံ- Dai Community in Malaysia (DCM)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed