မင်းတပ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦးသေဆုံး
Chinland Channel/ ၁၀ ဧပြီ ၂၀၂၅
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ၊ တိုက်နယ် (၄)ဘက်က ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၉ရက် ည ၈နာရီ ၄၄ မိနစ်နှင့် ၈ နာရီ ၅၈မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ဗုံး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းတစ်ဦး၊ ခုနစ်နှစ်အရွယ်နှင့် ရှစ်လသားအရွယ်ကလေးနှစ်ဦး၊ သက်ကြီးရွယ်အိုနှစ်ဦးနှင့် Assembly of God (AG) အသင်းတော်က ဓမ္မ အမှုတော်ဆောင်ဆရာ တစ်ပါးတို့သေဆုံးခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရပြည်သူတွေထဲမှာလည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်ကိုးဦးမှ ဒဏ်ရာရရှိကြပါတယ်။ ပြည်သူတွေရဲ့နေအိမ်များနှင့် AGဘုရားကျောင်း၊ အသင်းတော်နေအိမ်များအပါအဝင် စုစုပေါင်း နေအိမ် ၁၀ အိမ်ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။” ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်က Chinland Channel သို့ပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီ ၉ ရက်နေ့ ညပိုင်းတွင် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တို့ကို ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူ ၁၂ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်အား စစ်ကောင်စီတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့တွင်လည်း မင်းတပ်မြို့ပေါ်သို့ ပေါင် ၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်အချို့ထိခိုက် ပျက်စီးခဲ့သေးသည်။
သတင်း-Joshua
ဓာတ်ပုံ- Salai Har Ling


