October 6, 2025

ဖလမ်းတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ဦး သေဆုံး

0

Chinland Channel / ၂၇ နိုဝင်ဘာ ၂၀၂၄

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ခြောက်ဦးသေဆုံးပြီး ကျေးလက်ကျန်းမာရေးဌာန အပါအဝင် လူနေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးသွားကြောင်း  ဒေသခံများထံမှသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်း ၁၀နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ  လုမ်သဲကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်က ချင်းလဲန်းချန်နယ်ကို ပြောသည်။ 

“ဖလမ်းမြို့ပေါ်မှာ မြို့သိမ်းတိုက်ပွဲ ပစ်ခတ်မှုဆက်တိုက်ဖြစ်နေတာ။ အခုဟာက တိုက်ပွဲမဖြစ်တဲ့ လုမ်သဲကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲချတာဗျ။ ရွာထဲရှိတဲ့ ကျေးလက်ကျန်းမာရေး ဆေးရုံလည်းထိခိုက်ပျက်စီးသွားတယ်။ ပြည်သူခြောက်ဦးသေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါတယ်။” ဟု ဒေသခံသတင်းရင်းမြစ်က ချင်းလဲန်းချန်နယ်ကို ဆိုသည်။

ချင်းညီနောင်အဖွဲ့မှ  နိုဝင်ဘာလ ၉ရက်နေ့မှ စတင်ကာ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့ပြီး မြို့ပေါ်တွင်တိုက်ပွဲပြင်းထန်နေချိန် ဖလမ်းမြို့နှင့် မိုင်၂၀ခန့်အကွာရှိ လုမ်သဲကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် နို၀င်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း  ဖလမ်းမြို့နယ်၊ ဗားရ်ကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

သတင်း- Joshua

ပုံအညွှန်း။        ။လုမ်သဲကျေးရွာကို စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင်း ပျက်စီးသွားသော မြင်ကွင်း။

ဓာတ်ပုံ။          ။ CJ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed