ပလက်ဝမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ဦးသေဆုံး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
Chinland Channel/ ၂၉ စက်တင်ဘာလ ၂၀၂၅
ချင်းပြည်၊ ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင် ဒေသခံနှစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်အချိန်ခန့်တွင် ပလက်ဝမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် ပလက်ဝဆေးရုံဝန်းကျင်၊ ဗိုလ်တဲနှင့် အနီးအနားဝန်းကျင်တို့တွင် ကျရောက်ပေါက်ကွဲသဖြင့် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှု အခြေအနေကို Chinland Channel အနေဖြင့် ဆက်လက်ဆုံစမ်းလျက်ရှိသည်။
ပလက်ဝမြို့ကို အာရက္ခတပ်တော်(AA)တပ်ဖွဲ့မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်လျက်ရှိနေသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA)တပ်ဖွဲ့ ထိန်းချုပ်ရာဒေသများအား လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်လာသည်ကို တွေ့ရသည်။
စက်တင်ဘာလ ၂၇ရက်နေ့တွင် သံတွဲမြို့၊ အမှတ် (၄)ရပ်ကွက်ကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ငါးဦးဒဏ်ရာရသွားကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်၊ ည ၈ နာရီခန့်တွင်လည်း သံတွဲမြို့ပေါ်ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အရပ်သားတစ်ဦး သေဆုံးပြီး ကိုယ်ဝန်သည်တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့သေးသည်။
သတင်း-Joshua
