October 6, 2025

ပလက်ဝတွင် ဝဥခြောက်များ ဝယ်သူမရှိသဖြင့် ဝဥစိုက်တောင်သူများ အခက်အခဲဖြစ်နေ

0

Chinland Channel/ ၁၇ မတ်လ ၂၀၂၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဝဥခြောက်များ ဝယ်ယူမည့်သူများမရှိသဖြင့် ဝဥစိုက်တောင်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း ဝဥစိုက်တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပလက်ဝမြို့နယ်၌ ဝဥခြောက်ဝယ်ယူသူမရှိခြင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် အခြားမြို့နယ်အချို့တွင် ဝဥဈေးကောင်းရကြသည်ဟု ဆိုသည်။

“အရင်တုန်းကတော့ ဝဥရောင်းရဖိုးနှင့် ကလေးတွေကို ကျောင်းထားနိုင်တယ်။ စားဝတ်နေရေး အဆင်ပြေတယ်။ အခုက လုံးဝမရဘူး၊ ဝဥက အခင်ထဲမှ ပုတ်သွားတယ်။ အခြောက်ခံထားတဲ့ ဝဥတွေလည်း ဘယ်သူမှ မဝယ်ပဲနဲ့ ကျန်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေးအဆက်အခဲကြောင့် ရောင်းလို့မရဘူး။” ဟု ဝဥစိုက်တောင်သူတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ဆောမြို့နယ် နှင့် ကျောက်ထု၊ ရခိုင်ပြည်နယ်ဘက်မှ ဝဥခြောက်အဝယ်ဒိုင်များက လာရောက်ဝယ်ယူကြခြင်းဖြစ်ပြီး ထိုမှတဆင့် ပခုက္ကူ၊ မန္တလေး၊ ရန်ကုန်မြို့စသည့် မြေပြန့်ဘက်သို့ ပို့ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ဝဥခြောက် တစ်ပိဿာကို ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိရရှိခဲ့သော်လည်း ယခုနှစ်တွင် ဝဥခြောက်တစ်ပိဿာကို ၇,၀၀၀ ကျပ်မှ ၈,၀၀၀ကျပ်အထိသာ ရရှိကြောင်း အဆိုပါ တောင်သူက ပြောသည်။

လက်ရှိဝဥခြောက်အဝယ်ဒိုင်များအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လမ်းခရီး၌ ဂိတ်ကြေးအခွန်ဆောင်ရမှု များနေခြင်း၊ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်‌ပွားမှုများ ရှိခြင်းတို့ကြောင့် ပလက်ဝမြို့နယ်သို့ လာရောက်ဝယ်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် နှင့် ပလက်ဝ စသည့် မြို့နယ်များတွင် ဝဥကို ဒေသခံများက စီးပွားရေးအဖြစ် အဓိက စိုက်ပျိုးကြသည်။

သတင်း-Joshua
ဓာတ်ပုံ- CJ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed