October 6, 2025

ထန်တလန်မြို့နယ်မှာ ငွေကြေးသိန်းရာကျော်ခိုးယူပြီး အိန္ဒိယသို့ထွက်ပြေးသူကို CDF-Thantlang ဖမ်းဆီး

0

Chinland Channel / ၁၁ စက်တင်ဘာ ၂၀၂၅

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ Lungding ကျေးရွာမှာ ငွေကြေး သိန်းရာကျော်ခိုးယူပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ဘက်ထွက်ပြေးသူကို Chinland Defense Force – Thantlang တပ်ရင်း ၄ က မနေ့စက်တင်ဘာ ၁၀ ရက် နေ့မှာဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ Lung Ding ရွာသား Pu Tha Kam ရဲ့ ငွေများကို ဟားခါးမြို့နယ်၊ Chuncung ရွာသား Pa Van Bawi Ceu က ခိုးယူကာ ထွက်ပြေးသွားခြင်းဖြစ်ပါတယ်။

Pa Van Bawi Ceu ဟာ အဆိုပါငွေများကို ခိုးယူပြီးနောက် Bungtlang ကျေးရွာမှာညအိပ်ခဲ့ရာ ကျေးရွာတာဝန်ရှိ သူများက ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် Zahnak ဧရိယာ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် စက်တင်ဘာလ ၉ ရက် ညနေ ၄ နာရီခွဲမှာ အိန္ဒိယ ဘက်ခြမ်း ကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

Pa Van Bawi Ceu ခိုးယူခဲ့တဲ့ ငွေဟာ အိန္ဒိယရူပီး ၃၀၄၀၀၀ ကျော် နဲ့ မြန်မာကျပ်ငွေ ၁၃၀၀၀၀ ကျော်ဖြစ်ပါတယ်။

တရားခံဟာ မီဇိုရမ်ပြည်နယ်၊ Hngarchhip ကျေးရွာကို ရောက်ရှိသွားပြီး Hngarchhip ကျေးရွာ YMA နဲ့ VC များက ဖမ်းဆီးခဲ့ပေမယ့် ထပ်မံလွတ်မြောက်ရာ Zahnak ဧရိယာ တာဝန်ရှိသူများနဲ့ ငွေအခိုးခံရသူ Pu Tha Kam တို့ကလိုက်သွားပြီး စက်တင်ဘာလ ၁၀ ရက် မနက် ၉ နာရီ ၁၂ မီနစ်မှာဖမ်းဆီးနိုင်ခဲ့ပါတယ်။

တရားခံဟာ သူခိုးယူခဲ့တဲ့ ငွေများအနက် ရူပီး ၆၃၀၀၀ ကို သုံးဖြုန်းခဲ့ပြီး ဖမ်းဆီးခံရချိန် ရူပီး ၂၆၇၀၀၀ ကိုတော့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ Zahnak ဧရိယာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယခုလို ငွေကြေးခိုးယူပြီး ထွက်ပြေးသွားတဲ့တရားခံကို ဖမ်းဆီးပြီးနောက် ပြည်တွင်းကိုပြန်လည်ခေါ်ဆောင်ကာ လိုအပ်သလိုအရေးယူမှုများဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း – Jessie
ပုံအညွှန်း – တရားခံနဲ့သက်သေခံပစ္စည်းများ
ဓါတ်ပုံ – Salai D K

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed