October 6, 2025

တွန်းဇံမြို့သိမ်းပြီးနောက် ရဲတပ်သား ၃ဦးအပါဝင် Non CDM ဝန်ထမ်း၃၀ကျော် အလင်းဝင် 

0

Chinland Channel / ၂၉ နိုဝင်ဘာ ၂၀၂၄

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့သိမ်းပြီးနောက် ရဲတပ်သားသုံးဦးအပါဝင် Non CDM ဝန်ထမ်း၃၀ကျော် အလင်းဝင်လာကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သြဂုတ်လအတွင်းတွင် တွန်းဇံမြို့နယ်၌  စစ်ကောင်စီလက် အောက်ခံ ထွေ/အုပ်ရုံး၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစစ် စသည့်ဌာနများမှ Non CDM ဝန်ထမ်း ၃၀ ကျော်သည် ချင်းပြည် စီဒီအမ်မူဝါဒများအတိုင်း ခံဝန်လက်မှတ်ရေးထိုးကာ အလင်းဝင်လာကြောင်း တွန်းဇံမြို့နယ်(ပကဖ)တာဝန်ရှိသူက ချင်းလဲန်းချန်နယ်ကို ပြောသည်။

“ကျွန်တော်တို့ဆီ ဆက်သွယ်လာတဲ့ ရဲသုံးယောက်နဲ့ Non CDM ၅၀ လောက်ရှိတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ နာမည်အတိအကျနဲ့ ကတိဝန်ခံချက်ထိုးထားတဲ့လူတွေကတော့ ၃၀ကျော်ရှိတယ်။ ဒါပေမယ့် တခြားလူတွေကကြတော့ ကတိဝန်ခံချက်မထိုးသေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ မကြေညာနိုင်သေးတာဖြစ်တယ်။” ဟု တွန်းဇံမြို့နယ်(ပကဖ) တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် ချင်းပြည်နယ်၊ တွန်းဇံမြို့ မရဲစခန်းမှ ရဲတပ်သားနှစ်ဦးနှင့်   စစ်ကိုင်းတိုင်း၊ တမူးခရိုင် ရဲစခန်း များမှ တာဝန်ထမ်းဆောင်သည် ရဲတပ်သားတဦးတို့လည်း လက်နက်မဲ့အလင်းဝင်လာကာ ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း  ၎င်းတာဝန်ရှိသူထံမှ သိရသည်။

တွန်းဇံမြို့အား ချင်းလဲန်းကောင်စီတပ်ဖွဲ့များမှ ယခုနှစ် မေလ ၂၃ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး ခြောက်လခန့်ကြာမှ အလင်းဝင်လာခြင်းဖြစ်သည့်အတွက် ၎င်းတို့အား CDM စာရင်းထဲ ထည့်ရန်မဖြစ်နိုင်ကြောင်း လည်းဆိုသည်။

တွန်းဇံမြို့နယ်(ပကဖ)တာဝန်ရှိသူက “မြို့သိမ်းတိုက်ပွဲ ပြီးမှ အလင်းဝင်လာတာဆိုတော့  CDM စာရင်းထဲမှာ ထည့်လို့မရဘူး။ သူတို့က CDMမှ မဟုတ်တာ၊ အကျပ်အတည်းတွေ့တဲ့အချိန် ဥပမာ ရဲ၊ စစ်သားတွေဆိုရင် စစ်ခန်းထဲမှာ ပစ်ရင်းခတ်ရင်းနဲ့ ဖမ်းတဲ့သဘောပေါ့  သုံ့ပန်းအနေနဲ့ ထိန်းသိမ်းထားတဲ့ သဘောပါ။” ဟု ဆက်လက်ပြောသည်။

အလင်းဝင်လာသော Non CDM ဝန်ထမ်းများကိုလည်း တဦးလျှင် ကျပ် ၂၀၀,၀၀၀၊ မိသားစုနှင့်ဆိုလျှင် ၃၀၀,၀၀၀ စသည်ဖြင့် ထောက်ပံ့ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ချင်းလဲန်းကောင်စီမှ တွန်းဇံမြို့တွင် အုပ်ချုပ်ရေးဖော်ဆောင်နေပြီး တိုက်ပွဲအတွင်း စစ်ဘေးတိမ်းရှောင်နေကြသော ဒေသခံများလည်း နေရပ်ပြန်နေကြပြီဖြစ်သည်။

တွန်းဇံမြို့ကို ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များဖြစ်သော CNA/ CNF၊ CDF- Tonzang၊ CDF- Thantlang PDA ( Tedim)၊ CDF CDM – Syin၊ CDF- Hualngoram၊  YDF (Yaw)၊ Asho CDF၊ CDF- KKG၊  CDF – Hakha၊  CDF -Zanniatram၊ CDF- matupi ၊ CDF -Paletwa တို့ပူးပေါင်းတပ်ဖွဲ့များမှ မေလ ၂၃ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

သတင်း- Joshua

ပုံအညွှန်း။   ။ တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံသို့အလင်းဝင်လာသော ရဲတပ်သား

ဓာတ်ပုံ။   ။ တွန်းဇံမြို့နယ်(ပကဖ)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed