တီးတိန်တွင် စီးပွားရေးကုန်သည်တစ်ဦးထံမှ ငွေစက္ကူအတု သိန်းပေါင်း ၁၀၀ ကျော်ကို မြို့နယ်ပအဖ အဖွဲ့က ဖမ်းဆီးရမိ
Chinland Channel/ ၁၆ သြဂုတ် ၂၀၂၅
ချင်းပြည်၊ တီးတိန်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် စီးပွားရေးကုန်သည်တစ်ဦးထံမှ မြန်မာငွေစက္ကူအတု သိန်းပေါင်း ၁၀၀ကျော်ကို ဖမ်းဆီးရမိကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့တွင် သတင်းထုတ်ပြန်သည်။
တီးတိန်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ပိုက်ဆံအတုအသုံး ပြုနေခြင်းကို မိဘပြည်သူများမှ အသိပေးသဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာလူငယ်အဖွဲ့ခေါင်းဆောင်များမှ စုံစမ်းစစ်ဆေးရာမှ ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလစောပိုင်းကစပြီး သတင်းလိုက်နေကြတာပါ။ အခုဖမ်းမိတာက ပထမဦးဆုံးဖမ်းမိတာပါ။ တခြားကွင်းဆက်တွေလည်း ရှိနိုင်သေးတယ်။ ဖမ်းမိတဲ့သူက နေရာအတော်များများမှာ ဖြန့်ဝေပြီးနေပြီ” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က Chinland Channel ကိုပြောသည်။
အဆိုပါငွေစက္ကူအတုများအား မြန်မာ-အိန္ဒိယနယ်စပ် တီအိုချောင်းတွင် ငွေကြေးတန်ဖိုး၏ တစ်ဝက်ဈေးဖြင့် ဝယ်ယူထားခြင်းဖြစ်ဟု ပိုက်ဆံအတုပိုင်ရှင်က ထွက်ဆိုထားသည်ဟု ဆိုသည်။
ငွေစက္ကူအတုပိုင်ရှင်၏ နာမည်၊ နေထိုင်သည့်ရွာ စသည့်အချက်အလက်များအား တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
သတင်း-Joshua
ဓာတ်ပုံ- တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
