စီးယင်းဒေသ မွာလ်ပီးကျေးရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုရှိ
Chinland Channel / ၃၀ ဇွန် ၂၀၂၅
ဒီရက်ပိုင်းတွေအတွင်း စီးယင်းဒေသ မွာလ်ပီးကျေးရွာမှာ ရက်ဆက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး၊ ယမန်နေ့ကလည်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ယမန်နေ့ ဇွန်လ ၂၉ ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်ကနေ တိုက်ပွဲပြန်လည်စတင်ခဲ့ပြီး မွန်းလွဲပိုင်း ၂-၃ နာရီလောက်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ရှေ့တန်းမှာ သတင်းယူနေတဲ့ Chinland Channel သတင်းထောက်က သတင်းပေးပို့ပါတယ်။
“ တိုက်ပွဲအခြေအနေ အသေးစိတ်ကတော့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကြား သဘောတူညီချက်အရ အချိန်တန်ရင် ထုတ်ပြန်လာမယ်လို့ သိရပါတယ်။ မနေ့ကတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နှစ်ဦးနှစ်ဖက်အထိအခိုက်လည်း ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၂ ယောက်ကျဆုံးမှုရှိပြီး ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိပါတယ်။ ဒဏ်ရာရထဲမှာတော့ ခြေထောက်မိုင်းထိသူလည်း ရှိပါတယ်။ ကျန်သူတွေကတော့ မစိုးရိမ်ရ ဒဏ်ရာတွေနဲ့ အပေါ့စားဒဏ်ရာတွေပါ။ လက်ရှိမှာ မြေပြင်အခြေအနေက ရာသီဥတု အတော်လေးဆိုးရွားတော့ တိုက်ပွဲဆင်ရတာ ခက်ခဲတာ တွေ့နေရပါတယ်။ မိုးကလည်း နေ့တိုင်းရွာနေသလို မှိုင်းတိုက်ပြီး မြူပိတ်နေတော့ စစ်ရေးက ထင်တိုင်းမသွားတဲ့ အခြေအနေမျိုးပါ။ စစ်ကောင်စီဘက်ကလည်း မနေ့က အထိအခိုက် ကျဆုံးမှု ရှိပါတယ်။ အယောက် ၂၀-၃၀ လောက်လည်း ကိုးမိုင်၊ ကလေးမြို့ကို ပြန်ဆုတ်ပြေးသွားတာ ရှိပါတယ်။ ဒေသခံမျက်မြင်သက်သေတွေကိုယ်တိုင် ပြောပြတာပါ။ ဒီရက်ပိုင်းတွေအတွင်းတော့ တိုက်ပွဲတောက်လျှောက်ပြင်းထန်မယ့်သဘော ရှိပါတယ်။ “ – ရှေ့တန်းမှာ အနီးကပ်သတင်းယူနေတဲ့ Chinland Channel သတင်းထောက်က သတင်းပေးပို့ပါတယ်။
ကလေးမြို့ကနေ ချင်းတောင်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက စုပေါင်းခုခံနေတာ ၁ လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိမှာ စကစတပ်ဟာ ခိုင်ကမ်းမြို့အထက်မှာ ရှိတဲ့ မွာလ်ပီးကျေးရွာအထိ ဆုတ်ပြေးလာခဲ့ရတာ ဖြစ်ကြောင်းပါ။
လက်ရှိိမှာ မိမိတို့ Chinland Channel သတင်းထောက်တစ်ယောက်ဟာလည်း ရှေ့တန်းမှာ အနီးကပ်သတင်းယူလျက်ရှိပြီး ပူးပေါင်းတပ်တွေအကြား မီဒီယာပိုင်းသဘောတူညီချက်ကို မဖောက်ဖျက်သော တင်ဆက်လို့ရနိုင်တဲ့ သတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားပါမယ်။
ဓါတ်ပုံအညွန်းနှင့် ရုပ်သံ – ဒဏ်ရာရဲဘော်များနှင့် ကျဆုံးရဲဘော်


