ငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ၃ဦးသေဆုံးပြီး ၂၅ ဦးကယ်ထုတ်ထားနိုင်
Chinland Channel/ ၂၉ မတ်လ ၂၀၂၅
မြန်မာငလျင်ဘေးကြောင့် ဟိုတယ်-အောင်ပန်း ပြိုကျမှုဖြစ်စဥ်တွင် သုံးဦးသေဆုံးပြီး ၂၅ဦးကို ကယ်ထားနိုင်ကာ ရှာဖွေကယ်ဆယ်ရေးဆက်လက်ပြုလုပ်နေကြောင်း နာရေးကူညီမှုအသင်း-အောင်ပန်းက ယနေ့တွင် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ယမန်နေ့က လှုပ်ခဲ့သည့် ငလျင်ကြောင့် ဟိုတယ်-အောင်ပန်းပြိုကျမှုတွင် အမျိုးသမီးသုံးဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်နိုင်သည့် ၁၅ဦးထဲတွင် အမျိုးသမီး ၁၇ဦး၊ အမျိုးသားရှစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်သည်။
အဆိုပါကယ်ဆယ်ထားသူ လူ၁၅ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး ရှာဖွေကယ်ဆယ်ရေးကိုဆက်လက်လုပ်ဆောင်နေကြကြောင်းသိရသည်။
ယမန်နေ့ မတ်လ၂၈ရက်တွင် လှုပ်ခတ်သော ငလျင်ကြောင့် နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်း တိုင်းတို့ တွင် အဆောက်အဦး ပြိုကျမှု ၊ဘုရား၊စေတီကဲ့သို့သော ဘာသာရေး အဆောက်အအုံများပျက်စီးခဲ့ပြီး လူသေဆုံးမှုများလည်းရှိနေသည်။
လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသောစာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူစုစုပေါင်း ၁,၀၀၂ ဦး၊ ဒဏ်ရာရရှိသူ၂,၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးရှိပြီး အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း စစ်ကောင်စီက ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
သတင်း- Joshua
ဓာတ်ပုံ- CJ
