October 6, 2025

ငဖဲမြို့နယ် ပဇီရွာမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်မှု ၉ဦးသေဆုံး၊ သေနတ် ၉လက်ရရှိ

0

Chinland Channel/ ၁ မေလ ၂၀၂၅

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဇီရွာမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ကိုးဦးသေဆုံးပြီး လက်နက်ငယ်ကိုးလက်၊ ကျည်ဘောက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း Chin Defence Force – Asho က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ( ၃၀) ရက်နေ့ နံနက် ၈နာရီအချိန်တွင် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်သည့် ငဖဲမြို့နယ် ပဇီရွာတပ်စခန်းမှ လုံခြုံရေးယူရန် ထွက်လာသော စစ်ကောင်စီ အင်အား ၂၀ကျော်ကို ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာများရရှိသွားသည်ဟု Chin Defence Force – Asho ကဆိုသည်။

နတ်ရေကန်တပ်စခန်း မကျစေရေးအတွက် ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ် စွဲထားသော ကပစ (၁၃) မှ တပ်သားများ ကားလမ်းလုံခြုံရေး ဆောင်ရွက်ရန် လာရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟုလည်းဆိုသည်။

ငဖဲမြို့နယ် ပဇီဘုန်းကြီးကျောင်းတွင် တပ်မ( ၉၉ )၊ ကပစ( ၂/ ၁ဝ/ ၁၃/ ၁၄ ) များမှ အင်အား ၁၃၀ ခန့် တပ်စွဲလျှက်ရှိပြီး နေအိမ်များမှ ပြည်သူပိုင်ပစ္စည်းများအား ထုတ်ယူရောင်း ချခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း Chin Defence Force – Ashoက ထုတ်ပြန်သည်။

ရခိုင်ရိုးမနှင့်မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်များက ယခုနှစ်အစောပိုင်းမှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပဒါန်းကျေးရွာမှ ၁၅ မိုင်ခန့်ကွာဝေးပြီး ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိ သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါသဖြင့် AA နှင့် မဟာမိတ်တပ်များက ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း- Joshua
ပုံစာ- ဧပြီလ ၃၀ရက်တွင် ပဇီရွာမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်မှုမှ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ
ဓာတ်ပုံ- Chin Defence Force – Asho

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed