ဂန့်ဂေါ-ရေဇွာလမ်းမကြီးကို ချင်းပြည်(ချင်းလဲန်း)အစိုးရနှင့် ဇိုတုန်ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းပြုပြင်
Chinland Channel / ၉ ဇွန်လ ၂၀၂၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်အလယ်ပိုင်းသို့ ဆက်သွယ်ထားသော ဂန့်ဂေါ-ရေဇွာ ပြည်ထောင်စုလမ်းမကြီးသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ပျက်စီးနေပြီး ဂန့်ဂေါ-ရေဇွာလမ်းမကြီးကို ချင်းပြည်(ချင်းလဲန်း)အစိုးရနှင့် ဇိုတုန်ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းပြုပြင်လျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရန် လမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်အစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဂန့်ဂေါ-ရေဇွာလမ်းမကြီးသည် ချင်းပြည်အတွင်း ရေဇွာ၊ နှာရိန်၊ ဆူခွါရ်း၊ မတူပီ၊ လိုင်လင်းပီ စသည့် မြို့နယ်များသို့ အဓိကဆက်သွယ်ပေးထားသော လမ်းပိုင်းဖြစ်ပြီး ယခုပြုပြင်မှုသည် ဒေသခံများ၏ နေ့စဉ်သွားလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးကူညီမှုများ ရရှိရေးအတွက် အရေးပါကြောင်း သိရသည်။
“ယခုမိုးရာသီ ပြန်စပြီဆိုတော့ လမ်းပြုပြင်တာ ပြန်စတာ တစ်ပတ်လောက်ဘဲရှိသေးတယ် ။
ကုန်စည်ပြတ်တောက်တာမျိုးတော့ မရှိပါဘူး မိုရာသီမှာတော့ ကုန်ပစ္စည်းရှားပါးတာနဲ့ ကုန်စျေးနှုန်းတက်တာတော့ ရှိပါတယ်။ မိုးတွင်းကာလမှာတော့ ရာသီဥတုဆိုးဝါးမှုပေါ် မူတည်ပြီး သိန်း ၈၀၀ အထက် ကုန်ကျနိုင်ပါတယ်။” ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ၊ ဆောက်လုပ်ရေးဌာန တာဝန်ခံ ဆလိုင်းသောမတ်စ် က Chinland Channel ကို ပြောသည်။
ဒေသခံပြည်သူများ၊ ကုန်သည်များအနေဖြင့် လမ်းပြုပြင်ရေးလုပ်ငန်းအတွက် ဝိုင်းဝန်းကူညီကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။
လက်ရှိတွင် ဇိုတုန်ဒေသလမ်းမကြီးများ ဂန့်ဂေါမှရေဇွာ နှင့် ဟားခါးမှရေဇွာ၏ အဆိုးဆုံးနေရာများကို ပြုပြင်မှုပြီးစီးပြီး ကုန်တင်ကားများ ပုံမှန်အတိုင်းသွားလာနေကြပြီဖြစ် ကြောင်း
ဇိုတုန်ဖက်ဒရယ်ကောင်စီ၊ ဆောက်လုပ်ရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
သတင်း-Joshua
ဓာတ်ပုံ- Ministry Of Construction, Government Of Chinland



