ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Dr.Sharon Par နှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်း
Chinland Channel / ၁၇ စက်တင်ဘာ ၂၀၂၅
မေး – မင်္ဂလာပါ။ အခုလိုအချိန်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ပထမဆုံး မိမိအကြောင်းလေး အကျဉ်းချုပ် မိတ်ဆက်ပေးစေလိုပါတယ်။ ပြီးတော့ နွေဦးတော်လှန်ရေးထဲ မည်သို့ မည်ပုံရောက်ရှိ ပါဝင်လာပုံ၊ လက်ရှိဝန်ကြီးတာဝန်ထမ်းဆောင်မှု စသဖြင့် သိရှိလိုပါတယ်။
ဖြေ – ကျမကတော့ ဒေါက်တာ ရှရွန်ပါရ် (Dr. Sharon Par) ဖြစ်ပါတယ်။ အာဏာမသိမ်းခင်မှာ ပြည်နယ်ပြန်သူ့ကျန်းမာ ဦးစီးဌာနမှူးရုံး၊ ချင်းပြည်နယ်မှာ လက်ထောက်ညွန်ကြားရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီကနေ CDM ဝင်ပြီးတော့ ဒီတော်လှန်ရေးထဲကို ပါလာတာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေး စပြီးတော့ ဖြစ်တဲ့အချိန်မှာ CDM လှုပ်ရှားမှုတွေ လုပ်တယ်။ ရံပုံငွေ ရှာတယ်၊ CDM တွေကို ထောက်ပံ့မှု လုပ်တယ်၊ ဆေးခန်းတွေ ဖွင့်ခဲ့ပါတယ်။ ဝရမ်းအထုတ်ခံရတဲ့နောက်တော့ ဒီဘက်လွတ်မြောက်နယ်မြေကို ပြေးလာရတယ်ပေါ့နော်။ ကျန်းမာရေးနဲ့ ပါတ်သက်ပြီးတော့ တတ်နိုင်သလောက် စောင့်ရှောက်မှုပေးတာတွေ၊ Team အနေနဲ့ ဖွဲ့ပြီးတော့ NGO အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သလောက် ပေးခဲ့တယ်။ ပြီးတော့ နိုင်ငံတကာမှာ ရှိတဲ့ ချင်းလူမျိုးတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ မြေပြင်မှာရှိတဲ့ ညီအစ်ကိုမောင်နှမ ဆရာဝန် ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ချင်းပြည် (Chinland) အစိုးရဖွဲ့တဲ့ အခါမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
မေး – အဖက်ဖက်ကနေ အခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ (အထူးသဖြင့် ကျေးလက်အပါအဝင်) ချင်းလဲန်းအတွင်း ကျန်းမာရေးဝန်ဆောင်မှု ( ကာကွယ်ရေးဆေးထိုးနှံပေးခြင်း ၊ ဆေးဝါးပိုင်း စသဖြင့်) အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို သိရှိလိုပါတယ်။
ဖြေ – အခုလောလောဆယ်မှာတော့ ကျမတို့ ချင်းပြည်က တော်တော်လေးကို ခက်ခဲပါတယ်။ အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ကျမတို့ ချင်းပြည်ရဲ့ ကျန်းမာရေးအခြေအနေက တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ ယှဉ်ရင် အဆိုးဝါးဆုံး ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း resource ပေါ့နော်၊ ကျန်းမာရေးအရင်းအမြစ်တွေ မရှိတဲ့အချိန်မှာ ပိုပြီးတော့ ခက်ခဲပါတယ်။ သို့သော်ငြားလည်း ချင်းပြည် (Chinland) အတွင်းမှာ ဆေးနဲ့ ဆေးပစ္စည်းတွေပဲ ဖြစ်ဖြစ်၊ ကာကွယ်ရေးဆေးထိုး တာမှာဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ပြီးတော့ ဒီဆေးဝါးမှာ ဆိုရင်လည်း နိုင်ငံတကာမှာ ရှိတဲ့ အဖွဲ့အစည်းတွေ၊ ချင်းပြည်သူတွေရဲ့ ထည့်ဝင်မှုတွေကနေ ဆေးဝါးတွေ ဝယ်ယူတာ၊ ဖြန့်ဖြူးပေးတာတွေ ဆောင်ရွက်နေပါတယ်။
မေး – သူနာပြုကျောင်း ဖွင့်လှစ်ထားမှု ရှိတယ်လို့လည်း သိရပါတယ်။ စိန်ခေါ်မှုတွေ ရှိပါသလား၊ ပြီးတော့ ရှေ့အလားအလာပိုင်းကိုရော သိလိုပါတယ်။
ဖြေ – ဟုတ်ပါတယ်။ သူနာပြုကျောင်း ဖွင့်လှစ်ထားတာ ရှိပါတယ်၊ ၂၀၂၄ အစိုးရစဖွဲ့တဲ့ အချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ပထမဆုံးလုပ်ဆောင်ခဲ့တာက ရှိနေတဲ့ အခက်အခဲအများကြီးထဲကနေ ဘယ်အရာကို ဦးစားပေးဆောင်ရွက် ဖြေရှင်းရမယ်ဆိုတာကို ဆွေးနွေးကြတာပေါ့နော်။ ချင်းပြည် (Chinalnd) ကောင်စီကို စတင်စုဖွဲ့ခဲ့ကြတဲ့ အစုအဖွဲ့ (၃) ခုဖြစ်တဲ့ CNF / MPs တွေနဲ့ ဒေသန္တရ/မြို့နယ် (၁၈) ဖွဲ့၊ ပြီးတော့ CDM တွေကိုလည်း ဖိတ်ခဲ့တယ်။ အဲ့ဒီဆွေးနွေးမှုထဲမှာ ဘယ်အရာက အရေးကြီးဆုံး ပြဿနာလည်းဆိုတာကို ဖော်ထုတ်နိုင်ရေး လုပ်ဆောင်ခဲ့ကြတယ်။ အဲ့ဒီမှာမှ နံပါတ်တစ်ကတော့ – ချင်းပြည်အတွင်းမှာ ကျန်းမာရေး Policy နဲ့ Guideline နဲ့ပါတ်သက်ပြီးတော့ မူဝါဒ မရှိတာ၊ လမ်းညွန်မရှိတဲ့ အခက်အခဲဖြစ်တယ်။ အဲ့လိုမရှိတာမို့ လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါ ဖြစ်ချင်သလို ဖြစ်နေတာတွေ ရှိခဲ့တယ်။ ဒါက နံပါတ်တစ်ပေါ့နော်၊ နံပါတ်နှစ်အနေနဲ့က ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ရှားပါးတာကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်နိုင်ဖို့ရာမှာတော့ ဖော်ထုတ်၊ မွေးထုတ်နိုင်မယ့် ကဏ္ဍတွေကို ရွေးချယ်လိုက်ရာမှာ မနှစ်ကတော့ X Ray Technician Training ပေးအပ်ခဲ့တယ်။ ပြီးတော့ Laboratory Technician Training ပေးတယ်။ နောက်ပြီးတော့ ဒီချင်းလဲန်းအတွင်းမှာပဲ လူထုကျန်းမာရေးလုပ်သား Training ၊ အရန်သားဖွား Training တွေ ပေးခဲ့ပါတယ်။ ပြီးတော့ အဓိကအားဖြင့် ဆေးရုံဆေးခန်းတွေမှာ ကူညီဆောင်ရွက်မယ့် သူနာပြုဆရာမ မရှိဘူးပေါ့နော်။ ဒါကြောင့် သူနာပြုဆရာမတွေ မွေးထုတ်နိုင်ဖို့ကို NUG အောက်မှာရှိတဲ့ Interim Council of Myanmar Nursing and Midwifery Training Schools ပေါ့နော်၊ သူတို့နဲ့ ပေါင်းပြီးတော့ ၂၀၂၄ နိုဝင်ဘာမှာ စပြီးတော့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ (၅၇) ယောက် သင်တန်းတက်လျက် ရှိပါတယ်။
သူနာပြုကျောင်းရဲ့ အခက်အခဲကတော့ အများကြီးပါပဲ၊ လုံခြုံရေးအရ တစ်နေရာတည်းမှာ မဖွင့်နိုင်ဘူး။ ပြီးတော့ စားရေးသောက်ရေးတွေ ၊ ပြီးတော့ ဆေးရုံနဲ့လည်း Training ဆင်းဖို့အတွက်က တွဲရမှာဆိုတော့ အဲ့လိုအခက်အခဲတွေ အများကြီး ရှိပါတယ်။ ပြီးတော့ Training School အနေနဲ့ သီးသန့်ဆောက်ဖို့ ဘတ်ဂျက်တင်ပြီး ရတဲ့ဘတ်ဂျက်နဲ့ ဆောင်ရွက်တာ မဟုတ်တာမို့ အခက်အခဲရှိတယ်။ အလှူရှင်ပေါင်းများစွာနဲ့ တွေ့ပြီးတော့မှ သူတို့တတ်နိုင်သလောက်ပါ့နော်၊ တချို့က လစာကိုနည်းနည်းပေးတယ်၊ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးကနေ ထည့်ဝင်ပေးတာ ရှိတယ်။ စားရေးသောက်ရေးမှာ ပထမ ၆ လမှာတော့ ဆန် ဆီ ဆား ပဲ စတာတွေကို ဒီအုပ်ချုပ်ရေးတွေကနေ ပေးတာမျိုး ရှိတယ်။ အခက်အခဲတွေ ရှိသည့်တိုင် အခုခါမှာတော့ First Batch ရဲ့ ပထမနှစ် ပြီးပါတော့မယ်။ ဒုတိယအသုတ် အတွက်ကိုလည်း ဒီနှစ်ထဲမှာ ပြန်ခေါ်ယူနေပါပြီ။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဒုတိတယအသုတ်ကို ပြန်ဖွင့်သွားမှာပါ။
မေး – ချင်းပြည် (ချင်းလဲန်း) အတွင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကို ဘယ်လိုစုဖွဲ့မှု ပုံစံနဲ့ သွားနေပါသလဲ။ ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုက ချင်းလဲန်းကောင်စီဝင်တွေအတွက်ပဲလား၊ ဒါမှမဟုတ် အခြားသော ဒေသများအတွက်ကော လုပ်ဆောင်တာ ရှိပါသလား၊ ဘယ်အဆင့်ထိ သွားနေပါသလဲ။
ဖြေ – ကျမတို့ ချင်းပြည် (Chinland) အတွင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့က ၊ မူဝါဒဆွဲတယ်၊Strucuture ဆွဲတယ်၊ ပြီးတော့ အဲ့ဒီ Structure ပေါ်မှာရှိတဲ့ တာဝန်နဲ့ ဝတ္တရားတွေကို အခုဆွဲနေတယ်ပေါ့နော်။ ပြီးတော့ ချင်းပြည် အဆင့်မှာတော့ ဝန်ကြီးရုံးရှိမယ်၊ ပြီးတော့ ညွန်ကြားရေးမှူးချုပ် ရုံးရှိမယ်။ သူ့ရဲ့အောက်မှာမှ မြို့နယ်/ဒေသန္တရ ကျန်းမာရေးဌာနတွေ ရှိပါတယ်။ ပြီးတော့ သူ့အောက်မှာ ဆေးရုံတွေ ပြည်သူ့ကျန်းမာရေးဌာနတွေ ရှိမယ်၊ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေး ကော်မတီတွေ ရှိမယ်။ ဆိုတော့ သူတို့တွေကနေ အဆင့်ဆင့် တာာဝန်ယူမှု တာဝန်ခံမှုတွေ ရှိမယ်၊ ပြီးတော့ သတင်းပေးပို့မှုတွေလည်း ရှိသွားမယ် ။ ကျမတို့ကတော့ ကျန်းမာရေးဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဆီကို လာတဲ့ မည်သူ့ကိုမဆို ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။ ပြီးတော့ ဥပမာ – ကျမတို့ရဲ့ သူနာပြုသင်တန်းကျောင်းမှာ ဆိုရင်လည်း ကျမတို့ area မှာ မရှိသောသူတွေ၊ သူတို့ဆီကနေလည်း လာတက်ကြတယ်။ ကျမတို့ လက်ခံပါတယ်။ ဘာလို့ဆို ချင်းကတော့ ဘယ်လိုပဲကွဲကွဲ၊ ကျမတို့က တနေ့မှာ ပြန်တော့စုစည်းမှာ ဖြစ်တယ်၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါက အားလုံးအတွက် ဖြစ်တယ်၊ ကျန်းမာရေးဝန်ဆောင်မှုကိုလည်း မခွဲခြားပါဘူး။
မေး – အရေးပေါ်ပြင်ဆင်မှုနှင့် တုန့်ပြန်နိုင်မှု အခြေအနေအတွက် လုပ်ဆောင်မှုတွေကိုလည်း သိချင်ပါတယ်။ ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်မှုတွေကိုလည်း သိလိုပါတယ်။
ဖြေ – အခုလောလောဆယ်တော့ ကျမတို့ အရေးပေါ်ပြင်ဆင်မှုနဲ့ တုံ့ပြန်နိုင်မှုနဲ့ ပါတ်သက်ပြီးတော့ ၂၀၂၄ ထဲမှာ ကျမတို့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပလက်ဝမြို့နယ်နဲ့ မင်းတပ်မြို့နယ်ထဲမှာ သေဆုံးမှုတွေ ရှိခဲ့တယ်၊ ဖြစ်ပွားမှုတွေလည်း များပြားခဲ့တယ်ဆိုတာ သတင်းရတဲ့အခါမှာ NUG နဲ့ပေါင်းပြီးတော့ Clicnical Guideline တွေ ပေးတာမျိုးတွေ၊ ငွေကြေးထောက်ပံ့တာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့တယ်။ ပြီးတော့ တတ်နိုင်သလောက် NGO တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်သူက ဘယ်နေရာမှာ ဘာလုပ်ပေးနိုင်မလဲဆိုတာမျိုးကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ပြီးတော့ ဒီနှစ်ထဲမှာဆို အားသာတာက ကျန်းမာရေးဖွဲ့စည်းပုံ ရှိသွားပြီဆိုတော့ ဖွား/သေ စာရင်းတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှုးတွေကတဆင့် ပို့လာပြီပေါ့နော်။ အဲ့လိုပဲ ကျမတို့ အဲ့စနစ်ကိုပဲ ယူသွားပြီးတော့ ပုံမှန်မဟုတ်တဲရောဂါဖြစ်စဉ် outbreak ခေါ်တာပေါ့နော်၊ အဲဒါမျိုးတွေ ရှိလာပြီဆိုရင် ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေး မှူးကနေတဆင့် သူ့ရဲ့ မြို့နယ်/ဒေသ ကျန်းမာရေးဌာနတွေကို သတင်းပို့မယ်၊ အဲ့ကနေ တဆင့် ကျမတို့ သတင်းပို့ပြီးတော့ ကျမတို့ကနေ တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ ပြီးတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း ပေါင်းပြီးတော့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကျမတို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး – တိုက်ပွဲတွေ၊ စစ်ဘေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပံ့ပိုးကူညီကုသနိုင်မှု အပိုင်းလေးတွေကိုလည်း သိရှိလိုပါတယ်။
ဖြေ – စစ်ဘေးရှောင်နဲ့ ပါတ်သက်ပြီးတော့ အခုလောလောဆယ်အနေနဲ့ကျတော့ ကျမတို့က စစ်ဘေးရှောင်ကို ထူးပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တာ မရှိဘူးပေါ့နော်။ ကျမတို့အောက်မှာ ရှိတဲ့ ကျန်းမာရေးအဖွဲ့တွေ Mobile နဲ့ ဆေးရုံတွေကနေပဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာ ဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ စစ်ဘေးရှောင်နဲ့ ပါတ်သက်ပြီးတော့လည်း သီးသန့်အစီအစဉ်တွေ ဆွဲသွားဖို့ လူသား/စာနာ ဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။
တိုက်ပွဲနဲ့ စစ်ဘေးကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကတော့ လူတိုင်းပေါ့နော် ကြုံတွေ့နေရတယ်၊ ခံစားနေရတယ်၊ ဆိုတော့ ကျမတို့ရဲ့ ကျန်းမာရေးမူဝါဒမှာလည်း စိတ်ကျန်းမာရေးနဲ့ ပါတ်သက်ပြီးတော့ ဦးစားပေးဆောင်ရွက်ဖို့ ထည့်သွင်းထားပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီစိတ်ကျန်းမာရေးနဲ့ ပါတ်သက်ပြီးတော့ ကုသမှုတွေ၊ ပံ့ပိုးမှုတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး – ချင်းပြည် (Chinland) ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုအတွက် ဘဏ္ဍာငွေရရှိမှုနဲ့ ပြည်တွင်း/ ပြည်ပမှာသာမက ချင်းပြည်သူလူထုကြားကနေ ငွေကြေးရှာဖွေနိုင်မှု အခြေအနေတွေ ကို ပြောပြပေးစေလိုပါတယ်။ ပြီးတော့နိုင်ငံတကာက ပံ့ပိုးကူညီနိုင်မှုအပိုင်းတွေနဲ့ စိန်ခေါ်မှုတွေ ရောပေါ့နော် – ဥပမာ အိန္ဒိယနိုင်ငံကနေ ဆေးဝါးပိုင်း ကူညီမှုတွေ ရှိတယ်ဆိုတာမျိုး ကြားသိရပါတယ်။
ဖြေ – ဟုတ်ကဲ့၊ ဒီချင်းပြည်အတွင်းမှာရှိတဲ့ ကျန်းမာရေးအတွက် ဘဏ္ဍာငွေကတော့ အထူးသဖြင့် နိုင်ငံခြားမှာ ရှိတဲ့ ချင်းပြည်သူတွေဆီကနေ အဓိကရတယ်၊ သူတို့ရဲ့ ပံ့ပိုးမှုကနေ အဓိကသွားနေပါတယ်။ မနှစ်ကဆိုရင်တော့ သံရုံးတခုနဲ့ အဖွဲ့အစည်းတခုကနေ ဆေးဝယ်ဖို့တွေ ပေးတာရှိပါတယ်။ သူနာပြုကျောင်းတွက် အနည်းငယ်ပံ့ပိုးတာတွေ ရှိတယ်။ ဒီနှစ်ထဲမှာဆိုရင် တခြားအဖွဲ့အစည်းတွေကိုလည်း အကူညီတောင်းပြီးတော့ ဆေးနဲ့ဆေးပစ္စည်းတွေ ထောက်ပံ့ဖို့ ရှိပါမယ်။ မနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံဘက်ကနေ ဆေးဝါးပိုင်း ကူညီမှုတွေ ရှိပါတယ်။ အများကြီးကို ကူညီထားတာရှိပါတယ်။ အခုလောလောဆယ် အခက်အခဲတွေကတော့ ဆေးဝါးတွေက အရမ်းစျေးကြီးလာတယ်။ သယ်ယူပို့ဆောင်စားရိတ်တွေကလည်း တအားများလာတဲ့ အခါကျတော့ ပြည်သူလူထုအနေနဲ့ ဆေးကုသမှု ခံယူဖို့အရေးကို ကိုယ့်အိတ်ကိုယ်စိုက်ရတဲ့ ပမာဏက အရမ်းများလာပါတယ်။ ဆိုတော့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် သုံးရတဲ့ ငွေပမာဏတအားများတဲ့အတွက်ကြောင့် ကျမတို့ကို ဆင်းရဲတွင်းပိုနက်စေတယ်ပေါ့နော်။ ကိုယ်လိုချင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ့်အနီးနားမှာ လိုချင်တဲ့အချိန် မရတဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု တဖြည်းဖြည်း ပိုဆိုးရွားလာနိုင်တယ်ပေါ့နော်၊ အဲ့လိုမဖြစ်အောင် ကျမတို့အစိုးရဘက်က ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အခြားအဖွဲ့အစည်းများကလဲ ပံ့ပိုးကူညီဖို့၊ ချိတ်ဆက်နိုင်ဖို့အလွန်အရေးကြီးပါတယ်။
မေး – ကျန်းမာရေးဝန်ကြီးအနေနဲ့ ချင်းပြည် (Chinland) အတွင်းမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့ ဒေသတွေအထိ ကိုယ်တိုင်ကွင်းဆင်းမှုတွေ ၊ ချင်းပြည်သူတွေအကြားအထိ နယ်လှည့်ခရီးထွက်တာတွေ ရှိတယ်လို့လည်း သိထားရပါတယ်။ ဆိုတော့ လက်တွေ့မြေပြင်အခြေအနေနဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ ရှင်းပြပေးနိုင်ပါမလား။
ဖြေ – ကျမတို့ ဝန်ကြီးဌာန အနေနဲ့ မြေပြင်ကို ကွင်းဆင်းတာ ရှိပါတယ်။ မနှစ်တုန်းကလည်း ကျမတို့ (၇) နေရာ သွားနိုင်ခဲ့တယ်။ ဒီနှစ်ထဲမှာတော့ (၁၀) နေရာပေါ့နော်။ အဓိက ကွင်းဆင်းရတဲ့ အကြောင်းက မြေပြင်အခြေအနေကိုလည်း သိချင်တယ်။ မြေပြင်က မြို့နယ်/ဒေသ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့လည်း ချိတ်ဆက်မှု ပိုမိုအားကောင်းချင်တယ်။ အဲ့လိုဆို ကျမတို့ကလည်း ဘယ်နေရာတွေကို ပိုကူညီနိုင်မယ်ဆိုတာ ပိုသိမယ်ပေါ့နော်။ ကွင်းဆင်းချိန်မှာ သိရတာက ချင်းပြည် (Chinland) အစိုးရဖွဲ့ပြီးသည့်တိုင် တယောက်နဲ့တယောက် ချိတ်ဆက်မှုအားနည်းသေးတယ်ဆိုတာကို မြင်တွေ့ရတယ်၊ ဘာလို့ဆိုတော့ အင်တာနက်လိုင်း မရတာတကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတကြောင်း စသဖြင့် အခက်အခဲတွေရှိတယ်။ ဒါ့အပြင် ကျမတို့ Planning လုပ်တာနဲ့ မြေပြင်မှာ ဖြစ်နေတာ ဘယ်လို လစ်ဟာမှုရှိလဲဆိုတာကိုလည်း သွားတွေ့တယ်ပေါ့နော်။ ကွင်းဆင်းခြင်းအားဖြင့် – ဥပမာ ကျမတို့က အစည်းအဝေး တခုခေါ်တယ်၊ အစည်းအဝေးမှာ သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေး ကိုယ်စားလှယ်တစ်ဦးပဲ တက်တယ်ထား၊ သူတို့ကနေ သူတို့အဖွဲ့အစည်းကို ပြန်ပြောပြနိုင်ခြင်း၊ ပြောပင်ပြောသော်ငြားလည်း ထိရောက်နိုင်ခြင်းမျိုးက ကွာသွားတယ်။ ဒါကြောင့် ကွင်းဆင်းတဲ့အခါမှာလည်း ကျမတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ပြောပြတယ်။ Planning တွေကိုလည်း ပြောပြတယ်။ သူတို့ရဲ့ အခက်အခဲတွေ အခြေအနေတွေကိုလည်း ကျမတို့ မျက်မြင်ကိုယ်တွေ့ သွားတွေ့တဲ့အခါကျတော့ ပိုပြီးကူညီနိုင်လာတာပေါ့။ ဆိုတော့ မြေပြင်ကွင်းဆင်းတာက အရမ်းအရေးကြီးတယ်။ ဒါပေမယ့် အဓိကတော့ ငွေကြေးအခက်အခဲပေါ့၊ ဘဏ္ဍာငွေ အခက်အခဲရှိတော့ ကွင်းဆင်းတဲ့အခါမှာ လိုချင်သလောက် ကွင်းမဆင်းနိုင်တာ ရှိပါတယ်။ အွန်လိုင်း Zoom မျိုးကတော့ အင်တာနက်အခက်အခဲကြောင့် စိတ်ပါသလောက် အစည်းအဝေးက မထိရောက်တာလည်း ရှိတယ်။ ဒါကြောင့် ကွင်းဆင်းခြင်းက ပိုထိရောက်တာမို့ ဒီနှစ်ထဲမှာ ဖြစ်ဖြစ်၊ နောက်နှစ်ထဲမှာ ဖြစ်ဖြစ် ပြန်သွားနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ မြို့နယ်/ဒေသန္တရတွေ အားမကောင်းရင် ကျမတို့လည်း အားမကောင်းနိုင်တာမို့ တတ်နိုင်သလောက် ပံ့ပိုးကူညီသွားဖို့လည်း ရှိပါတယ်။
မေး – အခုလက်ရှိ ချင်းပြည် (Chinland) အစိုးရမှာ အမျိုးသမီးဝန်ကြီး ဘယ်နှစ်ပါးရှိသလဲ။ တာဝန်ထမ်းဆောင်နေမှုအပေါ် အမျိုးသမီးတစ်ယောက်အနေဖြင့် စိန်ခေါ်မှုတွေ ရှိပါသလား။ တော်လှန်ရေးအတွင်းမှာ တက်ကြွစွာပါဝင်နေကြတဲ့ အမျိုးသမီးထုအပေါ်မှာဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေကိုဖြစ်ဖြစ် စိတ်ဓါတ်ခွန်အားပေး တိုက်တွန်းစကားများ ရှိရင်လည်း ကြားသိလိုပါတယ်။
ဖြေ – အခု ကျမတို့ရဲ့ ချင်းပြည် (Chinland) အစိုးရမှာ ဝန်ကြီး ၂ ပါးရှိပါတယ်။ အမျိုးသမီး၊ ကလေး၊ လူငယ်ရေးရာဝန်ကြီးနဲ့ ကျမပေါ့နော်။ ကျမအနေနဲ့ဆို အမျိုးသမီးတယောက်အနေနဲ့ စိန်ခေါ်မှု ကြုံရတာက ကိုယ်တိုင်သည် မိသားစုနဲ့ ဖြစ်တယ်၊ မိသားစုဘက်ကိုလည်း ကြည့်ရတယ်။ တော်လှန်ရေးမှာလည်း ပါဝင်နေတာကြောင့် မိသားစုနဲ့ တော်လှန်ရေးကြားထဲမှာ Balance လုပ်ရတာ အများကြီး ရှိပါတယ်။ တခါတခါ တော်လှန်ရေးလုပ်ငန်းဘက်မှာ အားစိုက်ချိန်မျိုးဆို မိသားစုဘက် လစ်ဟာတာများတော့ မလုံမလဲ ဖြစ်တာမျိုး၊ စိတ်အားငယ်တာမျိုး ရှိပါတယ်။ ဒါပေမယ့် တော်လှန်ရေးမှာလည်း အမျိုးသမီးတွေ အများကြီးပါဖို့လိုတယ်၊ Balance လုပ်နိုင်ဖို့လည်း လိုတယ်။ ဘာလို့ဆို အမျိုးသမီးတွေရဲ့ တွေးခေါ်ပုံနဲ့ ပြောဆိုပုံက အမျိုးသားတွေနဲ့ လုံးဝမတူပါဘူး။ ဒီလိုမတူတာမို့လည်း အမျိုးသားတွေကလည်း အမျိုးသမီးတွေကို လက်ခံကြိုဆိုတတ်ရမယ်။ ကူညီဖေးမတတ်ရမယ်၊ နေရာပေးတတ်ရမယ်။ အဲ့ဒါမှပဲ Balance ဖြစ်တဲ့ အာဘော်တွေ ပေါ်လာမှာ ဖြစ်တယ်။ ဘာလို့ဆို တချို့ Negotiation တွေ ကျမလုပ်တယ်၊ ညှိနှိုင်းမှုတွေ လုပ်တဲ့အခါမှာ ယောကျာ်းတွေရဲ့ အသံတသံတည်းမျိုးပဲခေါ်မလား သူတို့ရဲ့ တွေးခေါ်ပုံ ညှိနှိုင်းပုံနဲ့ ကျမတို့ရဲ့ တွေးခေါ်မှုတွေ ပြောဆိုမှုတွေ ညှိနှိုင်းမှုတွေက မတူဘူးဆိုတော့ မတူညီတဲ့အချက်တွေ အားသာချက်တွေကို စုပြီးတော့ ကောင်းမွန်တဲ့ အဖြေရလဒ်တွေ ရလာမှာ ဖြစ်တယ်။ အမျိုးသမီးတွေအနေနဲ့ကော အမျိုးသားတွေအနေနဲ့ကော အချင်းချင်းလက်ခံကြဖို့ ကူညီဖေးမကြဖို့ လိုတယ်။ ပြီးတော့ ခေါင်းဆောင်မှုပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ကျမတို့ရဲ့ နိုင်ငံရေးရေချိန်ကိုလည်း အများကြီး ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အားမငယ်ဖို့နဲ့ အချင်းချင်းအားပေးဖို့ ထောက်မပေးဖို့ လိုပါတယ်။ တချို့ကျတော့ အမျိုးသမီးနဲ့ အမျိုးသမီးအချင်းချင်းမှာကို ဘယ်လိုပြောမလဲ – အားမပေးတာမျိုးတွေ ရှိတယ်။ ဒီအမျိုးသမီး အပေါ်တက်လာမှာကို ဖြုတ်ချချင်တာမျိုး ရှိတယ်၊ ခြေထိုးခံချင်တာမျိုးတွေ ရှိတယ်။ အဲ့လိုလုပ်တဲ့အထဲမှာ အမျိုးသမီးတွေကိုယ်၌က ပါဝင်တယ်။ အဲ့လို မဖြစ်ဖို့လည်း လိုတယ်။ နေရာပေးတဲ့အခါမှာလည်း အမျိုးသမီးတွေအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်းကိုယ်ရည်သွေးနေဖို့ လိုပါတယ်။
မေး – ဟုတ်ကဲ့ ၊ နောက်ဆုံးအနေနဲ့ သီးခြားပြောလိုတာ၊ မှတ်ချက်ပေးလိုတာရှိရင်လည်း ဖြည့်စွက်ပေးစေလိုပါတယ်။
ဖြေ – သီးခြားပြောလိုတာ ဆိုရင်တော့ အဓိက, ကတော့ ကျမတို့ ကိုယ့်ချင်းပြည်ကို ကိုယ့်ရဲ့ လက် ခြေနဲ့ ပြုပြင် မွမ်းမံ တည်ထောင်နိုင်တဲ့ အခွင့်အရေး ရှိနေတဲ့ ကာလဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ကျမတို့ စိတ်ညီညွတ်စွာနဲ့ တတ်နိုင်သလောက်ကို ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ ပြဿနာတွေကို ရှာတတ်ရမယ်၊ ရှာတယ်ဆိုတဲ့ နေရာမှာ ပြဿနာကို သိခြင်းအားဖြင့် အဖြေကောင်းကောင်းမွန်မွန် ရှာနိုင်ဖို့ ပြောချင်တာ ဖြစ်တယ်။ ဆိုတော့ ကျမတို့က ပြဿနာရှာတဲ့ အဆင့်မှာပဲ ရပ်နေတယ်ပေါ့နော်၊ သူ့ကြောင့် ငါ့ကြောင့်ဆိုတဲ့ ကိစ္စတွေနဲ့ ရပ်နေတယ်လို့ ထင်တယ်။ အခုကတော့ ကျမတို့က ပြဿနာတွေ သိသွားပြီ၊ အဲ့ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဆက်သွားဖို့နဲ့ ရှေ့ချီဖို့ လိုတယ်၊ ကျမတို့ရဲ့ တော်လှန်ရေး လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို မမေ့ဖို့လိုတယ်။ ဒီစစ်ကော်မရှင်ကို အပြတ်ရှင်းဖို့၊ အာဏာရှင်စနစ်ကို အပြတ်ရှင်းဖို့ ဖြစ်တယ်။ အာဏာရှင်တွေကို အပြတ်ရှင်းတဲ့ နေရာမှာ ကျမတို့ကိုယ်၌ကလည်း အာဏာရှင် မဖြစ်ဖို့လိုတယ်။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တတ်ဖို့ ၊ ဒီမိုကရေစီနည်းကျကျ အလုပ်လုပ်တတ်ဖို့ ပြီးတော့ ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း သွေးနေဖို့၊ ကိုယ်မသိခဲ့တဲ့အတွက်ကြောင့် သိတဲ့သူကို နေရာမပေးတာမျိုး မဟုတ်ဘဲ သိတဲ့လူက ကိုယ်ရဲ့အားနည်းချက် မဟုတ်ဘူး။ သူတို့က ကိုယ့်ရဲ့အားသာချက် ဖြစ်တယ်။ ဒါကြောင့် သူတို့ကို သုံးတတ်ဖို့ အချင်းချင်းညှိနှိုင်းတတ်ဖို့ ၊ ပြီးတော့ အဖြေတခုကို ရှာတဲ့အထိ ရှေ့ဆက်သွားနိုင်ဖို့ အဲ့ဒါလေးကို ကျမတို့ရဲ့ အခုတော်လှန်ရေးကာလမှာ အကုန်လုံးက နှလုံးမူပြီးတော့ ရှေ့ဆက်နိုင်ဖို့ လိုပါတယ်ဆိုတာကို ပြောချင်ပါတယ်။ ကျမတို့ကို ဘုရားက ဖန်းဆင်းကတည်းက မတူအောင်ကိုဖန်းဆင်းခဲ့တာဖြစ်တယ်။ အဲဒါကို လက်ခံတတ်ဖို့ ကိုယ်ရှိတဲ့နေရာ၊ ကိုယ်တတ်ကျွမ်းတဲနေရာမှာအသုံးခံတတ်ဖို့လဲ လိုတယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မအားလပ်တဲ့ကြားထဲကနေ ကျနော်တို့ Chinland Channel ကို အခုလို တကူးတက အချိန်ပေး ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
