ချင်းပြည်အစိုးရ ဆောက်လုပ်ရေးဝန်ကြီး၊ လောက်တူဒေသအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ဒေသတွင်း ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်
ချင်းပြည် ၊ ၅ စက်တင်ဘာ ၂၀၂၅
ချင်းပြည်အစိုးရ ဆောက်လုပ်ရေးဝန်ကြီး၊ လောက်တူဒေသအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် Lautu – Mara ဒေသကို ဆက်သွယ်ပေးသည့် ထော်ဟွယ်ချာင်းကြိုးတံတား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြီးစီးသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“ ဒီဆက်သွယ်ရေးလမ်းက နဂိုက ကားလမ်းပါ။ ဒီချောင်းကို ကားတွေဖြတ်ကူးနိုင်မယ့် တံတားမရှိသေးတော့ ဒီကြိုးတံတားနဲ့ပဲ ပြည်သူတွေက အသုံးပြုသွားလာနေရတာ ဖြစ်ပါတယ်။ အခုကတော့ ပျက်စီးသွားတာတွေကို ပြန်လည်ပြင်ဆင် မွမ်းမံတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေ ပြန်လည်ပြင်ဆင်တာတွေ လုပ်တဲ့အပိုင်းမှာ ချင်းလဲန်းအစိုးရကနေ လိုအပ်တာတွေ ပံ့ပိုးကူညီနိုင်ဖို့ရာအတွက် ကွင်းဆင်းစစ်ဆေးတာ ဖြစ်ပါတယ်။ “ – ဟု လောက်တူဒေသ အုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက Chinland Channel ကို ဖြေကြားသည်။
“ မရာပြည်သူတွေ ဒီဘက် ငဖိုင်ပီး၊ ငဖိုင်သဲ၊ အင်မွှန်ပီး အဓိကအားဖြင့် CDF-Mara ထိန်းချုပ် နယ်မြေအတွင်းက ပြည်သူတွေနဲ့ ကျနော်တို့ ချင်းပြည်အလယ်ပိုင်းက ပြည်သူတွေ အားလုံးအတွက် ဒီလမ်းကြောင်းက အရေးပါတဲ့အရာ ဖြစ်တယ်။ ကားလမ်းကြော ဖြစ်ပေမယ့် မိုးရာသီမှာ ကားဖြတ်သန်းသွားလာနိုင်မယ့် တံတားမရှိသေးတဲ့အတွက် ပြည်သူတွေအနေနဲ့က ဒီကြိုးတံတားကိုပဲ အားကိုးပြီး သုံးနေရတာ ဖြစ်ပါတယ် “ – ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အဆိုပါ ထယ်ဟော်ချောင်းကြိုးတံတားရှိရာ လမ်းကြောသည် နှာရိန်မြို့၊ ငဖိုင်ပီး၊ ဆိုင်စီး၊ ဆိုင်ဟာ ၊ အိုင်ဇော စသော နယ်စပ်ရေးရာ ကုန်သွယ်ရေးနှင့် ကူးသန်းသွားလာရေးအတွက် အရေးပါသော လမ်းကြောဖြစ်ကြောင်း သိရှိရသည်။
#chinlandcouncil #governmentofchinland #lautu #mara
( Chinland Channel မှ တင်ဆက်နေသော သတင်းများကို www.chinlandchannel.info တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ )


