ချင်းတောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း CDF CDM Siyin ရဲဘော်တစ်ဦးကျဆုံး
Chinland Channel / ၂၂မေလ ၂၀၂၅
စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းတောင်ဘက်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးသွားကြောင်း CDF CDM Siyin ထံမှ သိရသည်။
ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီမှ ညနေပိုင်းအထိ တီးတိန်မြို့နယ်၊ Mualpi ရွာ မရောက်မှီကားလမ်းပိုင်းတစ်နေရာတွင် တစ်နေ့ကုန်နီးပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက်၈နာရီကနေ ညနေပိုင်းထိဖြစ်နေပါတယ်။ ရှေ့ပြေး လွတ်လာပြီး ဒရုန်း နဲ့ လက်နက်ကြီးပစ်ကူအနောက်ကနေ လာတယ်။ ကလေးဘက်ကနေ ၁၂၀ မမ နှင့် ပစ်ကူပေးတယ်။ Mualpi ရွာအစ ဝင်လာပြီးပြန်ဆုတ်ကြတယ်။ ရှေ့ပြေးအဖွဲ့ပဲဆိုတော့ အဝေးကြီးမဆုတ်လောက်ဘူး။ သူ(စကစ)တို့ဘက်တော့ ရှေ့ပြေး လာတဲ့သုံးယောက်တော့ ချက်ချင်းလဲတာ တာ တွေ့ရတယ် ” ဟု CDF CDM Siyin တာဝန်ရှိသူက Chinland Channel ကိုပြောသည်။
CDF CDM Siyinမှ အသက် ၁၉နှစ်အရွယ် ရဲဘော် ဆွင့်ဗန်းမုန်(နားမုန်) (ခ) ကျော်ကြီးသည် တိုက်ပွဲအတွင်းမြင့်မြတ်စွာ ကျဆုံးသွားပြီး ယနေ့တွင် ဂူသွင်းသဂြိုလ်ရမည်ဖြစ်သည်ဟု CDF CDM Siyin ထံမှ သိရသည်။
မေလ ၁၉ ရက် နံနက်ပိုင်းတွင် အင်အား၂၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည့် စစ်ကား ၁၅ စီးဖြင့် ချင်းတောင်ဘက်သို့ ချီတက်လာနေခြင်းဖြစ်ပြီး ကလေးမြို့နှင့်အနီးဆုံးက ကားလမ်းဘေးရှိ မွှာလ်ပီးကျေးရွာဒေသခံများလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
မေလ ၂ဝ ရက်နေ့တွင် ကလေး-သိုင်းငင်းကားလမ်းအား အတက်အဆင်းအားလုံးကို ယာယီပိတ်ထားပြီး ပြန်မဖွင့်မချင်း ပြည်သူများမှ ကလေးသိုင်းငင်းလမ်းမကြီး ကို အသုံးမပြုရန် CDF CDM SIYIN က ထုတ်ပြန်သည်။
သတင်း- Joshua
ဓာတ်ပုံ- CDF CDM Siyin
