ကလေးမြို့မှ ချင်းတောင်ဘက်သို့ စစ်ကောင်စီတပ် ယာဥ်တန်း၁၅စီးဖြင့် စစ်ကြောင်းထိုးလာဟုဆို
Chinland Channel/ ၁၉မေလ ၂၀၂၅
စစ်ကိုင်းတိုင်း၊ကလေးမြို့မှ ချင်းတောင်ဘက်သို့ စစ်ကောင်စီတပ်ယာဥ်တန်းကား ၁၅စီးဖြင့် စစ်ကြောင်းထိုးလာနေကြောင်း PDF Zoland စစ်ဦးစီးချုပ်ထံမှ သိရသည်။
ယနေ့ မေလ ၁၉ရက်နံနက်ပိုင်းတွင် ကလေးမြို့မှထွက်ခွါလာသော စစ်ကောင်စီတပ်ယာဥ်တန်းကား၁၅စီးသည် ဒေသခံအခေါ် (ရှုခင်းသာ)ကျော်လာပြီဖြစ်သည်ဟု PDF Zoland စစ်ဦးစီးချုပ်က Chinland Channel သို့ပြောသည်။
“ကလေးမြို့ဘက်ကနေ စစ်တပ်ယာဥ်တန်း စစ်ကား ၁၅စီးချင်းတောင်ဘက်ကို တက်လာပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ အသိပေးချင်ပါတယ်။” ဟု PDF Zoland စစ်ဦးစီးချုပ်က ၎င်း၏ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ရေးတင်ထားသည်။
မတ်လ ၂၄ရက်နေ့မှ စတင်၍ ယနေ့ချိန်ထိ စစ်ကောင်စီတပ်က ဖလမ်းနှင့် တီးတိန်ဘက်သို့ စစ်ကူလွတ်နိုင်ခြေရှိသဖြင့် ကလေး-တီးတိန်လမ်းပိုင်း နှင့် ကလေး-ဖလမ်းလမ်းပိုင်းများအား ည ၆နာရီမှ နံနက် ၆နာရီအတွင်း ဆိုင်ကယ်၊ အိမ်စီးကား၊ ခရီးသည်ယာဉ်၊ ဘာသာရေးယာဉ်နှင့် ကုန်တင်ကားများ ဖြတ်သန်းခြင်းမပြုပါရန် CDF CDM SIYINတားမြစ်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်တွင် Chinland Council အဖွဲ့ဝင်များမှ တီးတိန်မြို့နယ်၊ သိုင်းငင်း စစ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ မြေပြင်စစ်ကြောင်းမလာနိုင်တော့ကြောင်း စစ်ရေးလေ့လာသူများထံမှ သိရသည်။
သတင်း-Joshua
