October 6, 2025

ကလေးမြို့တွင် လက်နက်ကြီးနက်နှစ်လုံးကျရောက်မှု တစ်လုံးပေါက်ကွဲပြီး လူနေအိမ်အချို့ပျက်စီး

0

Chinland Channel/ ၁၈ ဇွန်လ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းနှင့် မွန်းလိုင်ရပ်ကွက်များတွင် ဇွန်လ ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ၃၀မိနစ်ခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးနှစ်လုံးကျရောက်ခဲ့ပြီး တစ်လုံးပေါက်ကွဲမှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုအနက် တာဟန်းရပ်ကွက် ၊ YCW ကိုယ်ပိုင်အထက်တန်းကျောင်းအနီးတွင် လက်နက်ကြီးတစ်လုံး လမ်းမပေါ်တွင်ကျရောက်ပေါက်ကွဲသဖြင့် အနီးအနားရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တာဟန်းမှာကျတဲ့လက်နက်ကြီးက လမ်းမပေါ်မှာပေါက်ကွဲသွားတာ၊အဲ့နားတစ်ဝိုက်က လူနေအိမ်အချို့ထိခိုက်ပျက်စီးပေမယ့် လူတွေတော့ထိခိုက်မှုမရှိဘူး။တော်ပါသေးတယ်လို့ပြောရမယ်။ လက်နက်ကြီးပေါက်ကွဲတာတော့ အသံအကျယ်ကြီးကြားရတယ်။ လက်နက်ကြီးစတွေက တာဟန်းရပ်ကွက်ထဲမှာ ဖိတ်စင်ကုန်တယ်။”ဟု အဆိုပါဒေသခံက Chinland Channel သို့ပြောသည်။

အခြားလက်နက်ကြီးတစ်လုံးမှာ မွန်းလိုင်ရပ်ကွက် ဘောလုံးကွင်းအနီးတွင် ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်း မရှိပဲ လူနေအိမ်တလုံးအောက်တွင် ရောက်သွားပြီး ယခုအချိန်ထိ လာရောက်ရှင်းလင်းသူမရှိသေးဟု ဆိုသည်။

ယခုသီတင်းပတ်အတွင်း ကလေးမြို့ပေါ်ရှိ ရပ်ကွက်များ၌ စစ်ကောင်စီတပ်က နေ့တိုင်းလိုလို လူနာတင်ကားများနှင့် လူငယ်များကို ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောကြသည်။ ယင်းဖမ်းဆီးမှုများသည် ည ၇နာရီနောက်ပိုင်းမှစ၍ တာဟန်းနှင့် မွန်းလိုင်ရပ်ကွက်များတွင်လည်း ဖြစ်ပွားနေသည်ဟု သိရသည်။

သတင်း-Joshua
ဓာတ်ပုံ- ZTV News
ပုံစာ-ဇွန်လ ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ၃၀မိနစ်တွင် လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် ကလေးမြို့တာဟန်းနှင့်မွန်းလိုင် ရပ်ကွက်က လူနေအိမ်များမြင်ကွင်း

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed