ကလေးမြို့တောင်ပိုင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်မှ ဒရုန်း လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်၍ ပြည်သူထိခိုက် သေဆုံးမှုရှိ
Chinland Channel / ၂၂ ဇန်နဝါရီ ၂၀၂၅
ကလေးမြို့တောင်ပိုင်းဒေသ အထွက်ဘက်မှာ စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီဘက်ကနေ နေ့စဉ်လိုလို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ သိရှိရပါတယ်။ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ ထောက်ကြန့်ရွာဘက််ကို အဓိက ပစ်ခတ်နေတာဖြစ်ပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိတာကြောင့် ရွာသူရွာသား အများစု တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
“ ကလေးမြို့ နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စကစတွေကနေ အနီးနားရွာတွေကို နေ့စဉ်ဆိုသလို ပစ်နေတာပါ။ ပြီးတော့ ဇင်းကလင်းရွာမှာထိုင်ထားတဲ့ စကစတပ်ကနေလည်း ပစ်တာရှိတယ်။ ဒရုန်းတွေ လက်နက်ကြီးတွေ သုံးပြီးတော့ပေါ့။ သာယာကုန်းရွာထဲကိုလည်း ကျတာတော့ ရှိတယ်။ ထောက်ကြန့်ဘက် ပုံမှန်လိုလိုပစ်တယ်။ ထောက်ကြန့်ကတော့ တော်တော်လေးရှောင်သွားကြပြီ။ စနေနေ့ကဆို နှစ်ယောက် ဒဏ်ရာရပြီး တစ်ယောက်သေတယ်။ လက်နက်ကြီးက ရွာထဲကို အကျများသလို ဒရုန်းကလည်း ပုံမှန်ဝဲပြီး ချချနေတော့ မလွယ်ဘူးပေါ့။ ကိုယ့်ဘက်ကလည်း ခရိုင်ဒရုန်းတပ်ဖွဲ့တွေ သွားပြီး ချတာတွေတော့ ရှိပါတယ်။ လောလာဆယ်တော့ အနီးနားရွာတွေအနေနဲ့ သတိကြီးကြီးထားပြီး နေ,နေရတာပေါ့လေ။ “ – လို့ သာယာကုန်းရွာသား တစ်ဦးက ချင်းလဲန်းချန်နယ်ကို ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့တွင်းက စစ်ကောင်စီတပ်ကနေ နည်းပညာတက္ကသိုလ်ဘက်ကို နေ့စဉ် စစ်ကားတွေ ဝင်ရောက်နေတာရှိတယ်လို့လည်း သိရပြီး လူအင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းမှုတွေ ဖြစ်နိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ အဝင်အထွက်ကတော့ နေ့တိုင်းလိုလိုရှိတယ်။ အလာမှာကျ ခေါင်းတွေပေါ်နေတာ့ အင်အား ပါလာတာတွေ့ရတယ်။ ဒါပေမယ့် အပြန်ဘက်ကျတော့ မိုးကာတွေ အုပ်ပြီး ပြန်သွားကြတာဆိုတော့ မသိရဘူးဖြစ်နေတယ်။ အင်အားဖြည့်တာတော့ ဖြစ်နိုင်ချေများပေမယ့် တခါတခါကျတော့ အယောင်ပြလာတာမျိုးလည်း ဖြစ်နေတတ်တယ်။ “ – လို့ စကစစစ်ကြောင်းတွေကို ကင်းထောက်နေတဲ့ ရှေ့တန်းသတင်းရင်းမြစ်က ချင်းလဲန်းချန်နယ်ကို ပြောပါတယ်။
လတ်တလောမှာ ကလေးတောင်ပိုင်းဒေသပြည်သူတွေ အသုံးပြုနေရတဲ့ ကျောက်ဂူလမ်းဘက်ကို စစ်ကောင်စီကားတွေ အသွားအလာများနေသလို ၊ ကလေးနည်းပညာတက္ကသိုလ်ဘက်ကနေလည်း နေ့စဉ်ပစ်ခတ်မှုတွေ ရှိတာကြောင့် သတိထားနေထိုင် သွားလာကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကနေ သတိပေးနှိုးဆော်ထားတာရှိကြောင်း သိရပါတယ်။
ဓါတ်ပုံ – အင်တာနက်
