October 6, 2025

ကလေးနယ်တောင်ပိုင်း ကြံသာရွာကို စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်၊ တိုက်ပွဲ ပြင်းထန်လျက်ရှိ

0

Chinland Channel ၊ ၅ စက်တင်ဘာ ၂၀၂၅

တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကလေးနယ်တောင်ပိုင်း ကြံသာရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ပြင်းထန်စွာထိုးစစ်ဆင်နေကြောင်း သိရှိရသည်။ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကော်မရှင်၊ ပြည်သူ့စစ်နှင့် ပျူစောထီးတပ်များသည် ကြံသာရွာကို ယနေ့မနက်ပိုင်းမှ စတင်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“ ထိတွေ့မှုတွေကတော့ ရှေ့ရက်တွေကတည်းကို တောက်လျှောက်ဆိုသလိုရော၊ ကြိုကြားရော ရှိပါတယ်။ ဒီမနက်မှာတော့ အင်အားကောင်းကောင်းနဲ့ ပြင်းပြင်းထန်ထန် လာတိုက်တာပါ။ တိုက်ပွဲကိစ္စတော့ အသေးစိတ်ပြောလို့ မရသေးပါဘူး။ ကျနော်တို့တွေဘက်ကလည်း ဒဏ်ရာရတာတွေ ရှိပါတယ်။ မစိုးရိမ်ရ ဒဏ်ရာတွေပါပဲ။ စစ်ကော်မရှင်တပ်ဘက်တော့ ၃ ယောက်ကျတာကို အတည်ပြုနိုင်ပါတယ်၊ ဒဏ်ရာရ ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ သတင်းရပါတယ်။ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ် “ – ဟု CDF-KKG မှ တာဝန်ရှိသူတစ်ဦးက Chinland Channel ကို ပြောသည်။

ယနေ့တွင် ကလေးမြို့မှတဆင့် ကလေးနယ်တောင်ပိုင်းသို့ Mi-17 ပျံသန်းမှု နှစ်ကြိိမ်ရှိကြောင်းလည်း ဒေသခံ တော်လှန်ရေးတပ်များမှတဆင့် သိရှိရသည်။

“ ဒီနေ့က တိုက်ပွဲရှိလို့ထင်တယ်။ ကလေးကနေ တောင်ပိုင်းကို ပျံနေတာ ၂ ခါရှိပြီ။ ဟံသာဝတီကို သွားတယ်လို့တော့ ကြားတာပဲ။ လူထပ်ဖြည့်တာလား၊ ပစ္စည်းပို့တာလားတော့ အတိအကျ မသိရသေးပါဘူး။ “ – ဟု ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက Chinland Channel ကို ပြောကြားသည်။

ကလေးမြို့တောင်ပိုင်းရှိ ကြံသာကျေးရွာကို CDF-KKG Major Operation အမည်ဖြင့် CNA စစ်ရေးဦးဆောင်မှုနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လွန်ခဲ့သော ဧပြီလ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed