အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးကို ရူပီး သိန်းပေါင်း ၁၂၀ ကျော်နဲ့အတူဖမ်းဆီးမိ
Chinland Channel / ၆ ဒီဇင်ဘာ ၂၀၂၄
မီဇိုရမ်ပြည်နယ်ရှိ အာသံရိုင်ဖယ် နဲ့ မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ သားတစ်ဦးကို အိန္ဒိယငွေ ရူပီး ၁၂,၄၈၉,၉၀၀ အတူဖမ်းဆီးခဲ့တယ်လို့ မီဇိုရမ်အခြေစိုက် Bengvarna သတင်းဌာန က ဖော်ပြထားပါတယ်။
အဆိုပါငွေကြေးများကို မြန်မာနိုင်ငံသားဖြစ်တဲ့ Lalbiaksang အသက် ၂၆ နှစ်ထံကနေ ကျန်ဖိုင်ခရိုင်၊ Ngur ကျေးရွာအနီးမှာဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ Bengvarna သတင်းက ဖော်ပြထားတယ်။
အာသံရိုင်ဖယ်နဲ့ ရဲပူးပေါင်းတပ်ဖွဲ့ကကြိုတင်ရရှိထားတဲ့ သတင်းအရ Ngur ကျေးရွာဘက်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ယခုလိုငွေကြေးအမြောက်အမြားကိုဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
“မီဇိုရမ်ပြည်နယ်မှာ သာမာန်လူတစ်ဦးအနေဖြင့် ရူပီးငွေ ၁၀ သိန်းနဲ့အထက်ကိုငွေသားနဲ့ကိုင်လို့မရဘူး။ ဘဏ် အကောင့်နဲ့ဆိုတစ်မျိုးပေါ့။ အခုဖမ်းတာက မြန်မာနိုင်ငံသားလည်းဖြစ်သေးတယ် ဒီလောက်ငွေအများကြီးကို လည်း ကိုင်ဆောင်ထားတယ်။ ဒါမျိုးကအမှုကြီးတယ်။ ဒီကမြန်မာစစ်ဘေးရှောင်တွေလည်း ငွေရေးကြေးရေးနဲ့ ပက်သက်လာရင်သတိထားသင့်တယ်။” လို့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ အစိုးရရုံးဝန်ထမ်းတစ်ဦးက ပြော ပါတယ်။
လက်ရှိတွင် ငွေကြေးများနဲ့အတူဖမ်းဆီးထားတဲ့ Lalbiaksang ကို မီဇိုရမ်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေ အတိုင်းအရေးယူဆောင်ရွက်မှုများပြုလုပ်သွားမယ်လို့သိရပါတယ်။
သတင်း – Jessie
