အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်း ၁၂ဦးကို ACDF နှင့် မဟာမိတ်တပ်ဖွဲ့ဖမ်းဆီး
Chinland Channel / ၄ ဒီဇင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၂ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) မှ သတင်းထုတ်ပြန်သည်။
အာရက္ခတပ်တော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား စနစ်တကျ ထိန်းသိမ်းထားပြီး ဆေးဝါးကုသမှု ဆောင်ရွက်ပေးထားကြောင်း သိရသည်။
“ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကျန်းမာရေး၊ နေထိုင်စားသောက်ရေးမှအစ လိုအပ်တဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးကာ စောင့်ရှောက်ထားပါတယ်။” ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF)တာဝန်ရှိသူက ချင်းလဲန်းချန်နယ်သို့ ပြောသည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ မှ ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။
စစ်သုံ့ပန်းများနှင့်အတူ MA-1 တစ်လက်, MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက်၊ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်)၊ လက်တော့စ် တစ်လုံး၊ ဖုန်းတစ်လုံးတို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့အပေါ် အနိုင်အထက်ပြုသည့် စစ်အာဏာရှင်များအတွက် အသေခံတိုက်ခိုက်မှုမပြုလုပ်ဘဲ ထွက်ပြေးတိမ်းရှောင်ကာ ပြည်သူများနှင့်အတူ ရပ်တည်သင့်ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းထားသည်။
သတင်း- Joshua
ပုံအညွှန်း ။ ။ ACDF နှင့် မဟာမိတ်တပ်ဖွဲ့မှ ဖမ်းဆီးထားသော စစ်သုံ့ပန်းများ
ဓာတ်ပုံ။ ။ ACDF

