ဟားခါးမြို့မှာနေအိမ်တစ်လုံးမီးလောင်ပြီးအမျိုးသမီးတစ်ဦးသေဆုံး
Chinland Channel / ၆ ဇွန်လ ၂၀၂၅
ချင်းပြည်မြို့တော်၊ ဟားခါးမြို့ မှာ မနေ့ ဇွန် ၅ ရက်ညသန်းခေါင်ယံမှာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား ခဲ့ပြီး အမျိုးသမီးတစ်ဦးလည်းသေဆုံးသွားတယ်လို့သိရပါတယ်။
အဆိုပါမီးလောင်သွားတဲ့အိမ်ဟာ ဟားခါးမြို့လမ်းဆုံကနေ မတူပီဘက်ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိတဲ့ ဦးရမ်ကျုံး နေအိမ်နောက်ဖေးမှာ ဆောက်ထားတဲ့ ပျဉ်ထောင်အိမ်လို့သိရပြီး အိမ်ထဲမှာရှိတဲ့သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသေဆုံးတာလို့သိရပါတယ်။
“ဟုတ်ပါတယ်။ လောင်တာက မနေ့ညသန်းခေါင်ယံလောက်မှာပါ။ ဒီမနက်အဲ့ဘက်ကိုသွားရင်းနဲ့တွေ့တာ လောင်သွားတဲ့အိမ်က တစ်လုံးပါ။ အနီးနားကအိမ်တွေမီးကူးတာမရှိဘူး။ ဘာလို့လောင်သွားတယ်ဆိုတာ တော့ သေချာမသိရဘူး။ သေဆုံးသွားသူက သတ်လက်ပိုင်းအမျိုးသမီးလို့သိရတယ်။ ဒီမနက်မှာသဂြိုလ် သွားပြီ။” လို့ ဟားခါးမြို့ခံတစ်ဦးက Chinland Channel ကိုပြောပါတယ်။
အဆိုပါနေအိမ်မှာ မီးလောင်တဲ့ထဲပါသွားတဲ့ အမျိုးသမီးတစ်ဦးသာနေထိုင်တာဖြစ်ပြီး ညပိုင်းဖယောင်းတိုင် ထွန်းထားတဲ့နေရာကနေ မီးစလောင်တာဖြစ်နိုင်ကြောင်း ဒေသခံများကပြောပါတယ်။
သတင်း – Jessie
ပုံအညွှန်း – မနေ့ညကမီးလောင်သွားတဲ့နေအိမ်
ဓါတ်ပုံ – RVA Hakha Chin

