လောင်တလိုင်မြို့ရှိ ချင်းစစ်ဘေးရှောင်စခန်းကို မီဇိုရမ်အစိုးရကဆန်အိတ်များလှူဒါန်း
Chinland Channel / ၁၂ နိုဝင်ဘာလ ၂၀၂၄
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ရှိ ချင်းစစ်ဘေးရှောင်စခန်းတစ်ခုကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်က ဆန်အိတ်များ လာရောက်လှူဒါန်းသွားကြောင်း စခန်းနေ စစ်ဘေးရှောင်များ ထံမှ သိရှိရသည်။
လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu Cheemala Siva Gopal Reddy ဦးဆောင်သောအဖွဲ့သည် လောင်တလိုင်မြို့၊ Chanmary ရပ်ကွက်ရှိ ကာနန်ချင်းစစ်ဘေးရှောင်စခန်းကို မနေ့က ဆန်အိတ် ၂၀ လာရောက်လှူဒါန်းကာ လိုအပ်သည်များကိုလည်း မှာကြားပြောဆိုခဲ့ကြောင်း သိရသည်။
“မနေ့က လာလှူသွားတာ အိတ် ၂၀ ပေါ့နော်။ ဒီနေ့ထပ်ပေးမယ်ပြောထားတယ်။ စစ်ဘေးရှောင်များအနေနဲ့ လိမ်လိမ်မာမာနေကြဖို့၊ စခန်းနဲ့ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းရေးလုပ်ဖို့ ၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေ မသောက်ကြဖို့မှာသွားတယ်။ အခုလိုဆန်အိတ်လေးတွေလှူပေးတော့ ကျွန်တော်တို့နည်းနည်းချောင်သွားတာပေါ့။”
ဟု ကာနန်စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက Chinland Channel ကိုပြောသည်။
ယခုလှူဒါန်းသော ဆန်အိတ်များသည် အိန္ဒိယဗဟိုအစိုးရ နှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့မှ ထောက်ပံ့ထားခြင်းဖြစ်ပြီး လောင်တလိုင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များအားလုံးအတွက် ရူပီး ၁၅ သိန်းဖိုး ဆန်အိတ်များ လှူဒါန်းပေးသွားမည်ဟုလည်း သိရှိရသည်။
လောင်တလိုင်ခရိုင်ထဲက စစ်ဘေးရှောင်များသည် အလုပ်အကိုင်ရှားပါးမှု၊ စစ်ဘေးရှောင်များကိုထောက်ပံ့ပေးသော အဖွဲ့အစည်းများလျော့နည်းလာမှုကြောင့် အကြပ်အတည်းနဲ့ရင်ဆိုင်နေကြရသည်ဟု သိရသည်။
“ အရင်နှစ် ဇွန်လ ကနေ ဒီနှစ်ဧပြီလအထိတော့ Zoram Entu Pawl အဖွဲ့က လစဉ်ပုံမှန် ဆန်အိတ်၊ ဆီ၊ ပဲ စတဲ့ အခြေခံစားသောက်ကုန်တွေ လှူပေးခဲ့တော့အရမ်းအထောက်အကူပြုခဲ့တယ်။ ဒီမှာက နေ့စားလုပ်ဖို့လည်းရှားတယ်လေ။ လူငယ်လူလတ်ပိုင်းမရှိတဲ့ အိမ်တွေအတွက်ဆိုပိုခက်တာပေါ့။ တစ်နေ့တစ်နေ့ စားသောက်ဖို့ကို အတော်ရုန်းကန်နေရတယ်။ ”
ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
လောင်တလိုင်ခရိုင်ထဲတွင် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင်လာ လက်ရှိ ၈၀၂၀ ဦးရှိပြီး၊ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဆန်အိတ်သွားလှူပေးသော စစ်ရှောင်စခန်းသည် အဓိကအားဖြင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးရှောင်လာကြသူတွေဖြစ်ကြပြီး အိမ်ထောင်စု ၈၀ ကျော် နှင့် လူဦးရေ ၄၀၀ နီးပါးရှိကြောင်း သိရသည်။
သတင်း – Jessie

