လောင်တလိုင်မြို့ထဲမှာ ချင်းစစ်ဘေးရှောင်များက အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်
Chinland Channel/ ၇ ဒီဇင်ဘာ ၂၀၂၄
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ရှိ ချင်းစစ်ဘေးရှောင်များက ဒီကနေ့ဒီဇင်ဘာ ၇ ရက်မနက်ပိုင်းမှာ အမှိုက်ကောက်ပြီး သန့်ရှင်းရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
လောင်တလိုင်မြို့တွင်း အိမ်ဌားနေထိုင်ကြတဲ့ ချင်းစစ်ဘေးရှောင်အဖွဲ့အစည်း ( Lawngtlai Ralzam I Zohkhennak Bu – LRZB ) က အခုလိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ လူဦးရေ ၆၀ ဝန်းကျင်ပါဝင်တယ်လို့သိရပါတယ်။
“မြို့မှာကျွန်တော်တို့ခိုလှုံလာတာကြာပြီလေ။ မြို့အတွက်အသေးအဖွဲ့ဘဲဖြစ်ဖြစ် လုပ်ပေးခြင်တဲ့ဆန္ဒနဲ့ ဒီလှုပ်ရှား မှုလေးကိုလုပ်ကြတာပါ။ မြို့တွင်းလမ်းဆုံကနေ စပြီးတော့ L4 ရပ်ကွက်အထိ လမ်းမကြီးတစ်လျှောက် ကောက်တာ အမှိုက်အိတ် ၁၀ အိတ်ကျော်တယ်။ ဒီလိုလှုပ်ရှားမှုလေးက မြို့အတွက်အကျိုးပြုသလိုအဖွဲ့အစည်း အတွင်းစည်းလုံးမှုလည်းပိုရှိစေတယ်လေ။” လို့ LRZB တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
LRZB အဖွဲ့အစည်းဟာ အဓိကအားဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်တို့မှ လောင်တလိုင်မြို့ ကို စစ်ဘေးရှောင် လာကြသူတွေဖြစ်ပြီး လောင်တလိုင်မြို့က ရပ်ကွက် ၇ ခုထဲမှာအိမ်ဌားနေထိုင်ကြ တဲ့သူတွေ ဖြစ်ပါတယ်။
LRZB အဖွဲ့အစည်းမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၉၀ နီးပါးရှိပြီး လူဦးရေ ၃၅၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
သတင်း – Jessie



