ရေဘေးသင့်နေသည့် ပလက်ဝစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ၊ မိုးကာနှင့် အိမ်သာခွက်ပိုက်များ ထပ်မံထောက်ပံ့
Chinland Channel/ ၁၁ ဇွန်လ ၂၀၂၅
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ ရေဘေးသင့်နေသော ပလက်ဝစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ၊ မိုးကာနှင့် အိမ်သာခွက်ပိုက်များ ထပ်မံထောက်ပံ့ပေးခဲ့သည်ဟု ပလက်ဝကောင်စီ၊ ပလက်ဝစစ်ဘေးရှောင်နှင့် လူသားစာနာကူညီရေးအဖွဲ့ထံမှ သိရသည်။
ပလက်ဝစစ်ဘေးရှောင် ရေဘေးသင့်ပြည်သူများအတွက် ဆန် ၁၈၀အိတ်၊ မိုးကာ ၁၀၀ချပ်၊ အိမ်သာခွက်ပိုက် ၁၀၀ချောင်း စသည့်ပစ္စည်းများကို ဒုတိယအကြိမ် သွားရောက်လှူဒါန်းခဲ့ကြောင်း ဇွန်လ ၁၇ရက်နေ့တွင် ထုတ်ပြန်သည်။
“အခုတခေါက်မှာတော့ ဆန်၊ မိုးကာ၊ အိမ်သာတွက်ရေပိုက်တို့ကို ကူညီပေးတာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အမိုးအတွက်ရပြီဆိုတော့ အကာအတွက် အကူအညီလိုအပ်သေးတယ်။ ကူညီလှူဒါန်းပေးတဲ့ အလှူရှင်များ၊ အဖွဲ့စည်းများ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ပလက်၀စစ်ဘေးရှောင်နှင့်လူသားစာနာကူညီရေးဌာနမှ ဌာနမှူး ဆလိုင်းစိုးသန့်ကပြောသည်။
မေလ ၃၁ရက်နေ့က ကုလားတန်မြစ်ရေကြီးမှုကြောင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ တွီဒင်း၊ ကာကီ၊ လောင်မဆူ စစ်ဘေးရှောင်စခန်းများ၌ အိမ်ခြေ ၄၇၂လုံး၊ လူဦးရေ ၂၂၈၃ဦး ရှိသည့်အနက် အိမ်ခြေ ၁၄၁လုံး၊ လူဦးရေ ၇၂၉ဦးသည် ရေဘေးသင့်နေကြောင်း သိရသည်။
လက်ရှိအဆိုပါ စစ်ရှောင်စခန်းများတွင် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် သစ်ဝါး၊ ရေပုံးများနှင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ အကူအညီလိုအပ်လျက်ရှိကြောင်း ဆလိုင်းစိုးသန့်က ဆိုသည်။
လူနေအိမ်တစ်လုံး ပြန်လည်တည်ဆောက်နိုင်ရန် ခန့်မှန်း ရူပီး ၂၀၀၀၀မှ ၂၅၀၀၀၊ အိမ်သာတစ်လုံး တည်ဆောက်ရန် ရူပီး ၂၅၀၀မှ ၃၀၀၀၊ ဆန်အိတ် ၅၀ကီလိုဂရမ်တစ်အိတ်ကို ရူပီး ၂၁၀၀မှ ၂၅၀၀အထိ အသီးသီး ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားကြောင်း ပလက်၀စစ်ဘေးရှောင်နှင့်လူသားစာနာကူညီရေးဌာနမှ ခန့်မှန်းတွက်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၇ရက်၊၈ရက်တို့တွင်လည်း အဆိုပါစစ်ဘေးရှောင်စခန်းများအတွက် ဆန်အိတ် ၁၃၀အိတ်၊ ဆီ၊ ပဲ၊အာလူး စသည့် စားနပ်ရိက္ခာများအား ပလက်ဝကောင်စီ၊ လူသားစာနာကူညီရေးဌာနက လှူဒါန်းထားသေးသည်။
သတင်း- Joshua
ပုံ- ပလက်၀စစ်ဘေးရှောင်နှင့်လူသားစာနာကူညီရေးအဖွဲ့
ပုံစာ- ရေဘေးသင့် ပလက်ဝ စစ်ဘေးရှောင်များအား လှူဒါန်းမှုပုံရိပ်အချို့


