ရပ်ကွက်အတွင်းမူးယစ်ရမ်းကားပြသနာရှာတဲ့ မြန်မာစစ်ဘေးရှောင်နှစ်ဦးကို YMA မောင်းထုတ်
Chinland Channel/ ၂၄ ဇွန်လ ၂၀၂၅
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့ပေါ်မှာ စစ်ဘေးရှောင်နေထိုင်ကြတဲ့မြန်မာနိုင်ငံသားနှစ်ဦးတို့ဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားကာ ပြသနာရှာလေ့ရှိတာကြောင့် မီဇိုရမ်ထဲကနေ မြန်မာ နိုင်ငံဘက်ကိုပြန်ဖို့ မီဇိုးလူငယ်အသင်း ( Young Mizo Association – YMA ) က မောင်းထုတ် လိုက်ပါတယ်။
အဆိုပါ အမျိုးသားနှစ်ဦးတို့ဟာ နယူးကျန်ဖိုင်ရပ်ကွက်မှာနေထိုင်ကြတဲ့ ဖလမ်းမြို့ဒေသခံ Lalhmachhuana အသက် ၃၇ နှစ်နဲ့ Mangkarthanga အသက် ၂၀ နှစ်တို့ဖြစ်ကြပါတယ်။
Lalhmachhuana နဲ့ Mangkarthanga တို့နှစ်ဦးဟာ ဇွန်လ ၂၂ ရက်နေ့ ( တနင်္ဂနွေနေ့) မှာ အရက်သေစာ သောက်ကြပြီး လက်နက်များယူဆောင်ကာပြသနာရှာတာကြောင့် လာမယ့် ဇွန်လ ၂၈ ရက်နေ့ ( စနေနေ့) မတိုင်ခင် ရပ်ကွက်ထဲ၊ မီဇိုရမ်ထဲကနေထွက်ပြီးမြန်မာနိုင်ငံဘက်ကိုပြန်ဖို့ New Champhai Branch YMA က မောင်းထုတ်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့မှာလည်း နယူးကျန်ဖိုင်၊ Helipad ရပ်ကွက်မှာနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် Pu Vum Deih Lian ကိုရပ်ကွက်အတွင်း မူးယစ်ရမ်းကား ပြသနာရှာတာကြောင့် မြန်မာနိုင်ငံကိုပြန်ဖို့ New Champhai Brach YMA က မောင်းထုတ်ခဲ့ပြီဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလထဲမှာလည်း ကျန်ဖိုင်မြို့ထဲမှာ မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား ၄ ဦးနဲ့သူတို့မိသားစုဝင်အားလုံးကို သူတို့ရပ်ကွက်ထဲမှာနေထိုင်ခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ဖို့ မောင်းထုတ်ခဲ့ပါတယ်။
သတင်း – Jessie
ပုံအညွှန်း – Lalhmachhuana နဲ့ Mangkarthanga တို့အားတွေ့ရစဉ်
ဓါတ်ပုံ – Maipawl
