January 29, 2026

မီဇိုရမ်မှာ မြန်မာစစ်ရှောင်နှစ်ဦးအပါအဝင်လူငယ်သုံးဦးမှ YMA အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်မှု ဖြစ်ပွား

0

Chinland Channel/ ၂၂ ၊ ဇန်နဝါရီလ၊ ၂၀၂၆

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မြန်မာစစ်ရှောင်လူငယ်နှစ်ဦးနဲ့ မီဇိုရမ်သား တစ်ဦး စုစုပေါင်း လူငယ် သုံးဦးမှ မီဇိုးလူငယ်အသင်း ( Young Mizo Association – YMA ) အယောင်ဆောင်ကာ ခြိမ်းခြောက် ငွေညှစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၁၉ ရက်ညမှာ အဆိုပါလူငယ်သုံးဦးက အိုင်ဇောလ်မြို့၊ ITI ရပ်ကွက်မှာနေထိုင်တဲ့ Lalthlamuana ဆိုသူကိုခြိမ်းခြောက်ငွေညှစ်ခဲ့ကြတာလို့သိရပါတယ်။ သူတို့က YMA အသင်းဝင်များဖြစ်ကြကြောင်း၊ ငွေကြေး မပေးပါက ကိုယ်ထိလက်ရောက် လုပ်မှာဖြစ်ကြောင်း ပြောဆိုကာ ခြိမ်းခြောက်ခဲ့ကြတာလို့သိရပါတယ်။

အဆိုပါ လူငယ်သုံးဦးက Duhlianthanga အသက် ၁၈ နှစ်၊စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ခါမ်းပတ်မြို့ဒေသခံ ၊ Hunlawmawma အသက် ၁၇ နှစ်၊ Phulmawi ရွာဒေသခံ နဲ့ လောင်တလိုင်ခရိုင်၊ Kawlchaw West ဒေသခံ လူငယ် Lalrindika အသက် ၂၁ နှစ်တို့ဖြစ်ကြတယ်လို့သိရပါတယ်။

အဆိုပါလူငယ်သုံးဦးကို ITI ရပ်ကွက် YMA က ဇန်နဝါရီလ ၂၀ ရက်ညမှာ ဆင့်ခေါ်ခဲ့ကြကာ စစ်ဆေးမေးမြန်း မှုများပြုလုပ်ခဲ့ရာ သူတို့အမှန်တကယ်ကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ကြတယ်လို့သိရပါတယ်။ နောက်တစ်နေ့ ဇန်နဝါရီလ ၂၁ ရက်ညမှာ ယင်းလူငယ် ၃ ဦးအပါအဝင် ITI ရပ်ကွက်အတွင်းနေထိုင်ကြတဲ့ မြန်မာစစ်ရှောင် များအားလုံးကို ဆင့်ခေါ်ခဲ့ကြပြီး သူတို့အားလုံးရှေ့မှာ ပြစ်မှုကျူးလွန်သူလူငယ်သုံးဦးတို့ကို ရပ်ကွက်အတွင်းက နေမောင်းထုတ်ကြောင်း၊ သူတို့လုံခြုံရေးအတွက် ITI ရပ်ကွက်အတွင်း နောက်ထပ်ခြေမချကြဖို့ အသိပေးထား တယ်လို့သိရပါတယ်။

ယခုလိုမျိုး YMA အမည်နာမကိုသုံစွဲပြီးခြိမ်းခြောက်ငွေညှစ်တဲ့ဖြစ်စဉ်မှာ ITI ရပ်ကွက်အတွင်း မကြေားဖူး ကြောင်း နဲ့ ဒီဖြစ်ရပ်အပေါ် စိတ်ပျက်မိကြောင်း ITI YMA က ဆိုထားပါတယ်။

ဒါ့အပြင် ရပ်ကွက်အတွင်းနေထိုင်ကြတဲ့မြန်မာစစ်ရှောင်များအနေဖြင့် ပြသနာကြီးကြီးမားမားမကြုံဖို့အတွက် ရပ်ကွက်အတွင်း တာဝန်ရှိသူများရဲ့ပြောကြားချက်များ၊ အသင်းတော်များရဲ့ လမ်းညွှန်မှုများကို အလေးပေး လိုက်နာကြရန်လည်း ITI ရပ်ကွက် YMA က တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် မှာ နိုင်ငံတော်အာဏာကိုမတရားသိမ်းပိုက်ပြီးနောက်ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ များကြောင့် မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်ရှောင်အများအပြားဝင်ရောက်လာခဲ့ကြပြီးလက်ရှိမှာ မီဇိုရမ်ပြည်နယ် အတွင်း မြန်မာစစ်ရှောင် ၃၅၀၀၀ ကျော်ခိုလှုံနေကြတယ်လို့သိရပါတယ်။

သတင်း – Jessie
ပုံအညွှန်း – YMA နာမည်ဖြင့်ခြိမ်းခြောက်ငွေညှစ်သူ လူငယ်သုံးဦး
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *