October 6, 2025

မီဇိုရမ်ပြည်နယ်တွင် ရူပီး ၈၀၀,၀၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ချင်းလူမျိုး ၂ ဦးအပါအဝင် ၄ ဦးဖမ်းဆီးခံရ

0

Chinland Channel / ၂၅ မတ်လ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ Lunglei ခရိုင်တွင် ရူပီး ၈၀၀,၀၀၀ခန့်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ချင်းလူမျိုး ၂ ဦးအပါအဝင် လေးဦးကို Lunglei District Special Branch (DSB) နှင့် 92 Bn BSF (Advance Party) တို့မှ ဖမ်းဆီးထားကြောင်း မီဇိုရမ်သတင်းဌာတွင်ဖော်ပြထားသည်။

မတ်လ ၂၀ရက်နေ့တွင် Lunglei မြို့နယ်၌ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ချင်းလူမျိုးနှစ်ဦးကို နိုင်ငံခြားသားများ အက်ဥပဒေ (Foreigners Act)အရ အမှုဖွင့်ထားပြီး စုံစမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“မီဇိုရမ်အစိုးအရက ကျွန်တော်တို့ ချင်းလူမျိုးတွေကို စစ်ဘေးရှောင်အနေနဲ့ နေထိုင်ခွင့်ပေးထားတဲ့အချိန်မှာ အခုလိုမျိုး သူတို့မကြိုက်တဲ့ မူးယစ်ဆေးအမှုတွေနဲ့ ချင်းလူမျိုးတွေဖမ်းဆီးခံရတဲ့ သတင်းကြားရတော့ အရမ်းဝမ်းနည်းတယ်၊ မျက်နှာငယ်ရပါတယ်။ မီဇိုရမ်ပြည်သူတွေကလည်း စစ်ဘေးရှောင်တွေကို မူးယစ်မှောင်ခိုလုပ်တဲ့သူတွေအဖြစ် မြင်လာမှာကို စိုးရိမ်မိတယ်။စီးပွားကုန်သည်တွေအနေနဲ့လည်း နောက်ထပ်အခုလိုအမှုမျိုးမလုပ်ကြဖို့ ပြောချင်ပါတယ်။” ဟု ချင်းစစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက Chinland Channel သို့ ပြောသည်။

မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရသူများတွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ Saikhum Leilet မှ ဦး Lalianmawia၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ဦးLalhriatluanga၊ မီဇိုရမ်ပြည်နယ်မှ ဦး K. Lalchhanhima နှင့် ဒေါ် Lalhmingliani တို့ပါဝင်ကြောင်း မီဇီုရမ်သတင်းဌာနကဆိုသည်။

ပြီးခဲ့သည် မတ်လ ၂၂ ရက်တွင်လည်း မီဇိုရမ်ပြည်နယ်၊ လုံလဲမြို့ (Lunglei) နေအိမ်တစ်အိမ်တွင် 7.62 mm AK စီးရီး ရိုင်ဖယ်ကျည် ၆,၂၀၀ တောင့်၊ cordex ၁,၈၀၀ မီတာ၊ ပေါက်ကွဲစေသောပစ္စည်း ၆၀၀ ခု၊ လုံခြုံရေးမီးကြိုး ၂၀ မီတာနှင့် အခြားပစ္စည်းကိရိယာများအား နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ဖမ်းဆီးထားကြောင်း သိရသည်။

သတင်း-Joshua
ဓာတ်ပုံ- Mizoram News

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed