မည်သည့်လူမျိုး၊ မည်သည့်အဖွဲ့အစည်း၏ လွှမ်းမိုးမှုအောက်မှာ မရှိဟု IMC/CDF-Mara ထုတ်ပြန်
Chinland Channel / ၁၁ နိုဝင်ဘာလ ၂၀၂၄
ကြားကာလ မရာလဲန်းကောင်စီ ( Interim Maraland Council/ Chinland Defense Force – Mara ) သည် မည်သည့်လူမျိုး၊ မည့်သည့်အဖွဲ့အစည်း၏ လွှမ်းမိုးမှုအောက်မှာ မနေဘဲ မိမိနယ်မြေ၊ မိမိလူမျိုး၊ မိမိဒေသ အတွက် ကိုယ်ပိုင်ပြဌာန်း၊စီမံ အုပ်ချုပ်ပိုင်ခွင့်ရှိသော ဒေသန္တရအစိုးရဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
MTC/MDF နဲ့ IMC/CDF-Mara တို့သည် မရာနယ်အတွင်းက ဘာသာရေးအဖွဲ့အစည်းဖြစ်သော Mara Evangelical Church (MEC) Peace Commission ဦးဆောင်မှုဖြင့် အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ၎င်းတို့၏ Reunification Implementation Committee (RIC) ပထမအကြိမ်အစည်းအဝေး အဖြစ် လွတ်မြောက်နယ်မြေတစ်နေရာတွင် တွေ့ဆုံခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံမှု ဆုံးဖြတ်ချက် အမှတ် ၀၁ ၊ MTC/MDF မှတောင်းဆိုချက်အရ IMC/CDF-Mara သည် မည်သည့်လူမျိုး၊ မည့်သည့်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုအောက်မှာမနေဘဲ မိမိနယ်မြေ၊ မိမိလူမျိုး၊ မိမိဒေသ အတွက် ကိုယ်ပိုင်ပြဌာန်း၊စီမံ အုပ်ချုပ်ပိုင်ခွင့်ရှိသော ဒေသန္တရအစိုးရဖြစ်ကြောင်း ထုတ်ပြန်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ပြီး IMC/CDF-Mara သည် ချင်းလူမျိုးဖြစ်သည်နှင့်အညီ ချင်းပြည် (Chinland) ကောင်စီ၊ ချင်းပြည် (Chinland) အစိုးရနှင့် လက်တွဲပြီး စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တယားများအား အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – Jessie
ဓါတ်ပုံ – IMC/CDF-Mara
