မင်းတပ်မြို့နယ်တွင် မွေးမြူထားသော နွားနောက်များအတွက် ဒေါင့်သန်းရောဂါ ကာကွယ်ဆေး အခမဲ့ ထောက်ပံ့ပေးမည်ဟုဆို
Chinland Channel / ၁၉ မတ်လ ၂၀၂၅
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း မွေးမြူထားသည့် နွားနောက်များအတွက် ဒေါင့်သန်းရောဂါ ကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့ပေးသွားမည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ် ၁၉ရက်တွင် ထုတ်ပြန်သည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူများက ၎င်းတို့မွေးမြူထားသည့် နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက်တို့ဖြင့် လှူဒါန်းပါဝင်ကြသော တောင်သူများအား ကျေးဇူးဆပ်သည့်အနေဖြင့် ယခုကဲ့သို့ ရောဂါကာကွယ်ဆေး အခမဲ့ပေးခြင်းဖြစ်ကြောင်း ဆိုသည်။
မင်းတပ်မြို့နယ်၊ ကျေးရွာအုပ်စု/ရပ်ကွက် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျွဲ၊ နွား၊ နွားနောက် အကောင်ရေစာရင်းပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနထံ ကာကွယ်ဆေး ချိတ်ဆက်ထုတ်ယူကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။
ဒေါင့်သန်းရောဂါသည် ကူးစက်မှုနှုန်းနှေးကွေးသည့် ရောဂါဖြစ်သော်လည်း ချင်းပြည်နယ်တွင် နွားနောက်များ တောလွှတ်ကျောင်းသည့် စနစ်ကြောင့် ရောဂါကူးစက်ခံရလျှင် သေဆုံးပြီးမှ ရောဂါပြန့်နေကြောင်း သိရတတ်သည်ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ရက်နေ့တွင်လည်း မင်းတပ်မြို့သိမ်းတိုက်ပွဲပြီးဆုံးပြီးနောက် ပြန်လည်နေထိုင်မည့် ပြည်သူများဘေးအန္တရာယ် ကင်းစေရေးအတွက် ရည်ရွယ်ပြီး ခွေး၊ ကြောင်များအား အခမဲ့ ကာကွယ်ဆေးလိုက်လံထိုးနှံပေးကာ ပညာပေးဟောပြောပွဲများပြုလုပ်ပေးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
သတင်း- Joshua
