October 6, 2025

မင်းတပ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄၀ကျော်ပျက်စီး

0

Chinland Channel / ၁၃ ဒီဇင်ဘာ ၂၀၂၄

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဒီဇင်ဘာလ ၁၂ရက်နေ့ တစ်ရက်တာအတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄၀ကျော်ထိခိုက်ပျက်စီးသွားကြောင်း မင်းတပ်ဒေသခံများထံမှသိရသည်။

ယမန့်နေ့ (ဒီဇင်ဘာလ၁၂ရက်) တစ်ရက်တည်းအတွင်း မင်းတပ်မြို့ပေါ်အား စစ်ကောင်စီတပ်မှ ၁၂၀ မမ ဗုံးသီး ၇၅လုံး၊ ပေါင် ၅၀၀ ဗုံးသီး ငါးလုံးနှင့် ပေါင် ၁၀၀၀ ဗုံးသီး တစ်လုံးတို့ဖြင့် ပြင်းပြင်းထန်ထန် လေကြောင်း တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုက လေးရပ်ကွက်လုံးပါဘဲ။ အနည်းအများဘဲကွာတာ။ အရင်က စကစတွေ မီးရှို့လို့ ကျန်ခဲ့တဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားတာဖြစ်တယ်။ လူနေအိမ် ၄၀ထက်မနည်းပျက်စီးသွားမှာ အတိအကျတော့ မသိရသေးဘူး။” ဟု မင်းတပ်ဒေသခံသတင်းရင်းမြစ်က ချင်းလဲန်းချန်နယ်ကို ပြောသည်။

မင်းတပ်မြို့ စံပြရပ်ကွက် ၊ ဘဝသစ်ရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်၊ အနောက်ရပ်ကွက်များတွင် မြို့သိမ်းစစ်ဆင်ရေးစတင်ချိန်မှစတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် လူနေအိမ် ၂၀၀ကျော်မီးလောင်ကျွမ်းသွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်ရှိနေသည့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ နံနက် ၈နာရီ ၁၃မိနစ် မှ ၉နာရီ ၃၅မိနစ်အထိ မင်းတပ်မြို့ပေါ် အား Y-12 လေယာဥ်ဖြင့် ၁၂၀ မမ ဗုံးသီး ၁၀လုံးတွဲ၊ ၇လုံးတွဲ၊ ၅လုံးတွဲ များဖြင့် စုစုပေါင်း ဗုံး ၇၅ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပြီး ၉နာရီခန့်အချိန်တွင်ပင် ဂျက်ဖိုက်တာတစ်စီးမှလည်း ပေါင် ၅၀၀ လေးလုံးကြဲချတိုက်ခိုက်သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ညနေ ၄နာရီ ၂၄မိနစ်အချိန်တွင် ဂျက်ဖိုက်တာ တစ်စီးမှ
မင်းတပ်မြို့ပေါ်အား ပေါင် ၁၀၀၀ ဟု ယူဆရသော ပေါက်ကွဲအားပြင်း ဗုံးတစ်လုံး
ကြဲချခဲ့သလို ည ၇နာရီ ၅၃မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တစ်စီးမှ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး တစ်လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့တွင်ပင် ည ၁၂ နာရီခန့်၌ Y-12 ကုန်တင်လေယာဥ်မှ စားသောက်ကုန်များနှင့် ခဲယမ်းများကို
ခလရ (၂၇၄) တပ်ရင်း အနီးသို့ လေထီးဖြင့် ၁၁ ထုပ်ပစ်ချပေးရင်း ကင်းထောက်ခြင်းများပြုလုပ်သွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် မင်းတပ်ဘက်လာသည့် ဂျက်ဖိုက်တာများတွင် အသံသိပ်မကြားရအောင်
အမြင့်ပေမြှင့်ပျံခြင်း၊ ဖြတ်သန်းသွားလာနေကျ မြို့ရွာများကိုမဖြတ်သန်းတော့ဘဲ လမ်းသစ်ဖြင့်
အလစ်အငိုက်ဗုံးကြဲခြင်းများပြုလုပ်နေကြောင်း လည်း သိရသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့ နံနက်ပိုင်းမှ စပြီး မင်းတပ်-ဆော-ကျောက်ထု လမ်းပိုင်းအား စစ်ရေးအခြေအနေအရာ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ တားမြစ်ထားကြောင်း ယောအလင်းတန်းထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှစ၍ ချင်းညီနောင်အဖွဲ့က CB Operation စစ်ဆင်ရေးအမည်ဖြင့် မင်းတပ်မြို့သိမ်းပိုက်နိုင်ရေးစတင်ခဲ့ပြီး အောင်မြင်မှုအချို့ရရှိနေကာ လက်နက်ခဲယမ်းများ အကူအညီလိုအပ်လျက်ရှိကြောင်း ချင်းညီနောင်တာဝန်ရှိသူများထံမှ သိရသည်။

သတင်း- Joshua

ပုံအညွှန်း။ ။ နိုဝင်ဘာလ ၁၃ရက်နေ့တွင် စစ်ကောင်စီတပ်မီးရှို့မှုကြောင့် လောင်ကျွမ်းသွားသော မင်းတပ်မြို့ပေါ် လူနေအိမ်များ မြင်ကွင်း။

ဓာတ်ပုံ။ ။ HKL – Mindat

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed