October 6, 2025

ဗုဒ္ဓနှင့်ခရစ်ယာန်တို့အတူယှဉ်တွဲတိုက်ပွဲဝင်ကြသည် ( CDF – KKG ) 

0

( ဘာသာပြန် ) 

မြန်မာနိုင်ငံ၊ ချင်းပြည်အတွင်းမှ ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များသည် Chinland Defense Force ခေါင်းစဉ်အောက်၌ စုရုံးပြီး အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်နေကြသည်။ အမိတိုင်းပြည် လွတ်မြောက်စေရန် အလို့ငှါ လွတ်လပ်သောပြည်သူအဖြစ်ကို စွန့်လွှတ်ထားသော ၎င်းလက်နက်ကိုင်များကို DW သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားပါသည်။  

တောင်ခါးပန်းကို အမှီပြု၍ တည်ဆောက်ထားကာ၊ မိုးကာဖြင့် ကာထားသည့် အခန်းအတွင်း၌ CDF မှ ရဲဘော်လူငယ်များသည် ကြမ်းပြင်ပေါ် ပုဆစ်တုပ်ထိုင်ကာ ဖယောင်းတိုင်မီး၊ ဖုန်းမီးရောင်တို့ကို အားပြုရင်း ဘုရားစာများကို ရွတ်ဖတ်ပူဇော်လျက် ရှိကြသည်။ 

၎င်းနေရာသည် Chinland Defense Force – Kalay Kabaw Gangaw ( CDF – KKG ) တပ်ရင်း ၄ ၏ ပင်မစခန်း ဖြစ်ပေသည်။ ဤတော်လှန်ရေးအဖွဲ့အတွင်းမှ ဗုဒ္ဓဘာသာဝင်များအဖို့ စနေနေ့ သည် ၎င်းတို့ ဝတ်တက်ရာနေ့ ဖြစ်သည်။ 

CDF-KKG သည် နိုင်ငံတဝှမ်း အပြင်းအထန်ပြန်လှန်ခုခံတိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ နယ်မြေများ တဖြည်းဖြည်းရှုံးနိမ့်နေသည့် အကြမ်း -ဖက်စစ်အာဏာရှင်ကို တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။ 

CDF-KKG တပ်ရင်း ၄ စခန်းတည်ရှိရာ နေရာသည် စစ်ကိုင်းတိုင်းနယ်စပ်ဘက်ကို အပေါ်ဆီးမှမြင်တွေ့ရသည့် နေရာနှင့်ပင် တောင်စဉ်တောင်တန်း ခြားလျက်ရှိသည်။ မြေပြန့်ဘက်မှ ၎င်းတို့အခြေစိုက် စခန်းတစ်ခုကိုမူ စစ်ကောင်စီမှ သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤစခန်းကိုမူ တောင်တန်းများတွင် ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော သစ်ပင်များက စစ်ကောင်စီ၏ ဂျက်ဖိုက်တာရန်၊ ဒရုန်းရန်များမှ အကာအကွယ်ပေးနေသကဲ့သို့ပင်။ 

CDF – KKG သည် ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးအများစု တည်ရှိရာ ချင်းပြည်နှင့်လည်း ပထဝီအနေအထားအရ နှီးနွယ်သည်။ သို့ရာတွင် CDF-KKG တွင်မူ မြန်မာပြည်၌ လူအများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သည့် ဗမာလူမျိုးများလည်း ပါဝင်ကြသည်။ မတူညီသော နောက်ခံအခြေအနေအမျိုးမျိုးမှ ရောက်လာကြသော ရဲဘော်တို့သည် တန်းတူညီမျှမှုရှိသော တိုင်းပြည်ဖြစ်ပေါ်လာရေးအတွက် တန်းတူတိုက်ပွဲဝင်နေကြသည်။

အသက် ၂၃ နှစ်ရှိပြီဖြစ်သော ဆင်ပေါက် သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဗုဒ္ဓ ဘာသာဝင် မိသားစုမှ  ပေါက်ဖွားလာသူ တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်မှာ တက္ကသိုလ်ကို ကျောခိုင်းခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ မတ်လမှာ CDF – KKG တပ်ဖွဲ့ထံ ဝင်ရောက်ခဲ့သူ ဖြစ်သည်။  

“ အစိုးရကျောင်းတွေမှာဆိုရင် မြန်မာ့စစ်တပ်ကို တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အသီးသီးဟာ အကြမ်းဖက်တွေဖြစ်တယ်လို့ပဲ သင်ခဲ့ရတယ် “ – ဟု DW ကို ပြောပြသည်။ ၎င်းကဲ့သို့ အကြမ်းဖက်ဟု သမုတ်ခံရသော အဖွဲ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့နေသော CNA လည်း ပါဝင်သည်။ 

“ အာဏာသိမ်းမှု ဖြစ်ပြီးမှပဲ သူတို့တွေဟာ အကြမ်းဖက်အဖွဲ့တွေ မဟုတ်ဘူးဆိုတာ ကျနော်သိတယ်။ သူတို့တွေက သူတို့လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသူတွေပဲ။ “ – ဘာကြောင့် တော်လှန်ရေးတွင် ပါဝင်ဖြစ်ပုံကို ရှင်းပြရင်း သူပြောသည်။ 

တနင်္ဂနွေနေ့များတွင်မူ ခရစ်ယာန် ဝတ်ပြုခြင်း အစီအစဉ်ရှိသည်။ ရဲဘော်အားလုံးတို့သည် ဂစ်တာဖြင့် ခရစ်ယာန်ဓမ္မတေးများကို သီဆိုကြသည်။ 

ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးဖြစ်သူ ဆန်နူးမှာ သူနာပြုသင်တန်းကျောင်းမှ ထွက်ပြီး CDF-KKG ထံဝင်ရောက်ခဲ့သူ ဖြစ်သည်။ သူတတ်မြောက် ကျွမ်းကျင်သော ဆေးဝါးကုသခြင်းက – အထူးသဖြင့် အဖွဲ့အတွင်းမှ ပျိုမေ၊ ရဲမေများအတွက် အသုံးဝင်လာလိမ့်မည်ဟု ယုံကြည်ကြောင်း DW ကိုပြောပါသည်။ 

သူမ ကြီးပြင်းနေထိုင်ခဲ့ရာ ဒေသတွင် အမျိုးမျိုးသော ဘာသာရေးခွဲခြားမှုများ ကြုံတွေ့ခဲ့ရဖူးကြောင်း၊ ခရစ်ယာန်ဘုရားကျောင်းသစ်များ တည်ဆောက်ခွင့် မရချိန်တွင် ဘုန်းကြီးကျောင်းများ ပေါပြီးရင်း ပေါလာကြောင်း ပြောပြသည်။ ချင်းလူမျိုးကဲ့သို့သော တိုင်းရင်းသား လူနည်းစုများမှာ အစိုးရဝန်ထမ်းအလုပ်အကိုင် ရရှိဖို့လည်း ခက်ခဲလှကြောင်း ထပ်လောင်းပြောပြသည်။ ၎င်းအခြင်း အရာမှာလည်း လက်နက်ကိုင်တော်လှန်ရေးတွင် သူမ ပါဝင်လာရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်ဟု ဆိုသည်။ သူမ၏ လူမှုဝန်းကျင်အတွင်း ပိုမိုလွတ်လပ်လာခွင့်ကို ရလိုသကဲ့သို့၊ ဗမာကဲ့သို့သော တစ်မြေတည်းနေ တစ်ရေတည်းသောက် ညီအစ်ကိုမောင်နှမတို့နှင့် ပိုမိုလက်တွဲ လုပ်ကိုင်လိုသည်ဟု ဆိုသည်။

စစ်အာဏာရှင်ကဘာသာရေးပဠိပက္ခဖြစ်အောင်ကြိုးစားနေ

အာဏာသိမ်းမှု ဖြစ်ပြီးကတည်းကပင် အကြမ်းဖက် စစ်အာဏာရှင်များသည် ဘာသာရေးကွဲပြားမှုများကို ပိုမိုရှုပ်ထွေးအောင် တရားဝင်လုပ်ဆောင်လျက်ရှိသည်။ United States Institute Of Peace (အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ့) မှလာသော အစီရင်ခံစာအရ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ် ကြိုးစားလုပ်ဆောင်နေပြီး၊ ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့်အတူ လူလုံးထွက်ပြမှုများ မကြာမကြာပြုလုပ်လေ့ရှိသည်ဟု ဆိုထားပါသည်။ ၂၅ မီတာ အမြင့်ရှိသော ထိုင်ကိုယ်တော်ရုပ်ပွားတော်ကိုလည်း နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် အပြီးသတ်  တည်ထားခဲ့ကိုးကွယ်ခဲ့သည်။ 

CDF-KKG တပ်ရင်း ၄ တွင်မူ လူမျိုးမတူ၊ ဘာသာမတူခြင်းကြောင့် ပြဿနာတက်ခြင်း၊ မပြေလည်ခြင်းမျိုး လုံးဝမရှိကြောင်း ဆန်နူးက ပြောသည်။ “ ကျွန်မတို့က မိသားစုတစ်ခုတည်းလို့ပဲ မှတ်ယူပါတယ်။ ကျွန်မတို့ရဲ့ ရန်သူက အကြမ်းဖက်စစ်တပ်သာလျှင် ဖြစ်ပါတယ်။ “ 

ဒီ့ထက်ပိုမိုအရေးကြီးတဲ့ အချက်အနေနဲ့ သူတို့ရင်ဆိုင်ရသည်က ဆေးဝါးပစ္စည်း လုံလောက်စွာ မရှိခြင်းနဲ့ လက်နက်ခဲယမ်း မပြည့်စုံခြင်းပါဟု ဆန်နူးက ထပ်လောင်းပြောသည်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အမျိုးသမီးပါဝင်ရေးကို ပိုမိုမြင့်တင်သင့်ကြောင်း ထောက်ပြသကဲ့သို့၊ တပ်ရင်း ၄ ၌ပင် အမျိုးသမီးအရေအတွက် အနည်းဆုံး ၁၀% ရှိသည့်တိုင် ရှေ့တန်းသွားရသည်ဆိုသည်မှာ  မရှိသလောက်ပင် ဖြစ်ကြောင်း၊ ရဲမေများ အနေဖြင့် ဆေးတပ်သားဆိုသောအဆင့်ထက် ပိုလုပ်နိုင်သည်များ ရှိကြောင်း ပြောပါသည်။ 

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ကလေးမြို့အနီးမှ သစ်ဖြင့် ဆောက်ထားသည့် ဘော်ဒါ ဆောင်ဟောင်းလေးမှာ စာသင်ကျောင်းသားတွေ ရှိသောနေရာ မဟုတ်တော့။ ၎င်းအစား တော်လှန်ရေးရဲဘော်များ အခြေပြုရာနေရာ ဖြစ်နေလေပြီ။ 

အော်စတင်မွန် မှာ အသက် (၅၁) နှစ် ရှိပြီဖြစ်၏။  မူလက ဘော်ဒါကျောင်းအုပ် ဖြစ်သည်။ ၁၉၈၈ နှင့် ၁၉၉၆ တို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်စစ်တပ် ဆန့်ကျင်မှုနှစ်ခုကိုလည်း ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။ ထိုစဉ်တုန်းကတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုကို အားပေးထောက်ခံခဲ့သည့်တိုင် ကိုယ်တိုင်တော့ မပါဝင်ဖြစ်ခဲ့။ အန္တရာယ်များလွန်းသည်ဟု သူ့မိဘတွေက ပြောခဲ့ကြသည်။ အခုတော့ သူ့၌လည်း ကိုယ်ပိုင်မိသားစု ရှိနေလေပြီ။ ဒီမိုကရေစီ ရရှိရေးအတွက် ဒီတခေါက်က သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲဟု မှတ်ယူထားသူလည်း ဖြစ်သည်။ ဘော်ဒါကျောင်းပိတ်လိုက်ပြီးတဲ့နောက်တွင်ဝယ် ၊  CDF-KKG မှာ ဒုဥက္ကဌ ဖြစ်လာခဲ့သည်။ 

 သူ့ကျောင်းသားဟောင်း ၅ပုံ ၁ ပုံခန့် တော်လှန်ရေးအဖွဲ့အသီးသီးမှာ ပါဝင်ကြကြောင်း ပြောပါသည်။ အားလုံးမှာ လူမျိုးမတူ၊ ကိုးကွယ်ယုံကြည်မှုမတူ၊ စီးပွားနောက်ခံအခြေအနေ မတူကြသူချည်း ဖြစ်ကြောင်း။  

“ CDF တပ်ဖွဲ့တွေမှာ ကိုယ့်ကျောင်းသားဟောင်းတွေ ပါဝင်တာတွေ့ရတော့ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် သူတို့လေးတွေ ရှေ့တန်းသွားပြီဆို ၊ စိုးရိမ်ရ ပူပန်ရတယ်။ သူတို့သွားပြီဆို စိတ်ထဲအမြဲပူရတော့တာပဲ။ စားလည်း မစားနိုင်၊ အိပ်လည်းမအိပ်နိုင်ဘူး။ “ 

ဘာပဲဖြစ်ဖြစ် အဆုံးထိအောင် တိုက်ပွဲဝင်သွားမယ်လို့ သူပြောပါသည်။ ယခုတော်လှန်ရေးက လက်လွှတ်ရမယ့်အရာ မဟုတ်ပါဟု ထပ်ပြောသည်။

တော်လှန်ရေးစစ်ပွဲကြီး မပြီးသေးသရွေ့တော့ အိမ်ပြန်တယ်ဆိုတာ ရှိမှာမဟုတ်ဘူးဟု တပ်ရင်း ၄ – ဆင်ပေါက်ကလည်း ပြောပါသည်။ 

“ မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းတွေကိုတော့ လွမ်းတာပေါ့။ ဒါပေမယ့် ရွေးချယ်စရာ မရှိဘူးလေ။ ဒါက သမိုင်းပေးတာဝန်ပဲ။ “ 

ဘာသာရေး ကိုးကွယ်ယုံကြည်မှု၊ တိုင်းရင်းသားညီအစ်ကိုအားလုံး တန်းတူညီမျှမှုတွေ ရရှိပြီး၊ လွတ်လပ်စွာ ပြောဆိုခွင့်များ၊ စီးပွားရေးအခွင့်အလမ်းများ မြောက်များစွာရှိလာမည့် မြန်မာပြည်ကြီး ဖြစ်လာစေချင်ကြောင်း သူပြောပါသည်။ ရှေ့မျိုးဆက်က လူတွေဆီနေ ခိုးယူခဲ့သလိုမျိုး သူ့မျိုးဆက်၏ ရပိုင်ခွင့်အခွင့်အရေးအားလုံးကို အကြမ်းဖက်စစ်တပ်က ခိုးယူသွားခဲ့ကြောင်းဆင်ပေါက်က ဆက်ပြောပါသည်။ 

တောင်ပေါ်လေအေးမြမြ ခြုံလွှမ်းနေသော စခန်းလေးတွင် ဆင်ပေါက်သည် သူ့ဂစ်တာလေးကို  အသာအယာ တီးခတ်ရင်း တော်လှန်ရေးအကြောင်းနှင့် မြန်မာပြည်ကြီး လွတ်မြောက်ဖို့ သူရေး ထားသော သီချင်းများကို သီဆိုနေလေသည် ….. ။ 

( Justin Higginbottom ရေးသားပြီး DW သတင်းဌာနတွင် ဖော်ပြခဲ့သော Myanmar’s Buddhists and Christians join fight against junta သတင်းဆောင်းပါးကို ပြန်ဆိုပါသည်။ ) 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed