ပလက်ဝမြို့နယ်က ခရစ်ယာန်သင်းအုပ်ဆရာအား အေအေတပ်ရင်းမှူးက ထိုးကြိတ်ရိုက်နှက်ခြင်းနဲ့ ပြည်သူများ အပေါ် အေအေရဲ့လုပ်ရပ်ကို GKO ရှုတ်ချ
Chinland Channel / ၂၆ မေ ၂၀၂၅
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာက ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးကို အရက္ခတပ်တော် အေအေ တပ်ရင်းမှူးက ထိုးကြိတ်ရိုက်နှက်ခြင်းနဲ့ ပလက်ဝမြိုနယ်အတွင်းက ပြည်သူများအပေါ် အေအေ ရဲ့ လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချတယ်လို့ Global Khumi Organization – GKO က မေလ ၂၃ ရက်စွဲဖြင့် ဒီကနေ့ထုတ်ပြန် ထားပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ဘုရားကျောင်းကနေပြန်လာတဲ့ သက္ခာတော်ရဆရာတော်လိုဒိန်း ကို အရက္ခတပ်တော် အေအေ တပ်ဖွဲ့ဝင် ၂ ဦးကခေါ်ဆောင်သွားခဲ့ပြီး တပ်ရင်းမှူးဖြစ်သူက သေနတ်ဖြင့် နားထင်ကို ချိန်ရွယ်ပြီး တရစက်လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်ခဲ့ကာ အပြင်းအထန် နှိပ်စက်ထိုးကြိတ်ခဲ့တာကြောင့် ယနေ့အချိန်ထိ ထိုးကြိတ်ဒဏ်ရာမှာမပျောက်ကင်းသေးဘဲ လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးကုသမှုခံယူ လျက်ရှိတယ်လို့ဆိုပါတယ်။
သိက္ခတော်ရဆရာတော်လိုဒိန်းဟာ မြန်မာနိုင်ငံနှစ်သင်းခရစ်ယာန်အသင်းချုပ် ( MBC)က အသိမှတ်ပြုတဲ့ သိက္ခတော်ရ ဖြစ်သလို ပလက်ဝနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့လက်အောက်၊ ပီချောင်းနှစ်ခြင်းအသင်းတော်များ ဧရိယာ ( PBCA) ရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ သူဟာ ဒေသတွင်း အေအေခန့်အုပ်ချုပ်ရေးမှူးများထံ ခွင့်ပြုချက်တောင်းပြီး သူတို့က ခွင့်ပြုပေးလို့ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ပလက်ဝမြို့နယ်၊ ဆတ်ချောင်းကျေးရွာမှာ ဘာသာရေးသင်တန်းပေးခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ “ဧပြီလ ၁၄ ရက်နဲ့ ၁၆ ရက်ဝန်းကျင်မှာ ပလက်ဝမြို့နယ်အတွင်း အေအေက သင်္ကြန်ပွဲတွေ ကျင်းပတယ်။ အဲ့ချိန်မှာ ဆရာလိုဒိန်းက အေအေခန့်အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူများဆီကို စာရေးပြီးတော့ ဘာသာရေးသင်တန်းလုပ်ဖို့ခွင့်တောင်းထားတယ်။ သူတို့ကခွင့်ပြုပေးလို့ ဧပြီ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ဘာသာရေးသင်တန်းလုပ်တယ်ပေါ့နော်။ နောက်တစ်နေ့မှာ အဲလို အေအေတပ်ရင်းမှူးကထိုးကြိတ်တော့ အကြောင်းပြချက်ခိုင်ခိုင်မာမာ ဘာမှမရှိဘူး။ ကျွန်တော်တို့ထင်တာတော့ သူတို့လုပ်တဲ့ သင်္ကြန်ပွဲမှာ ပြည်သူတွေ မသွားကြဘဲ ဘာသာရေးသင်တန်းကိုတက်ကြလို့ထင်တယ်။ ကျွန်တော်တို့ရွာမှာအများစုက ခရစ်ယာန်တွေဖြစ် ကြတဲ့အပြင် သင်္ကြန်ပွဲတွေလုပ်ရင် စစ်ကောင်စီက ဗုံးကြဲတက်လို့ရွာသားများ သင်္ကြန်ပွဲကိုမသွားကြတာပါ။ အဲတာကိုမင်းတို့က ဘာသာရေးလုပ်လို့ ပြည်သူတွေကကျွန်တော်တို့ကို မထောက်ခံဘူး။ မပါဝင်ကြဘူးဆိုတဲ့ သဘောမျိုးပါ။” လို့ သိက္ခာတော်ရဆရာတော်လိုဒိန်းနဲ့ အမျိုးတော်စပ်သူတစ်ဦးက Chinland Channel ကိုပြော ပါတယ်။
ဆက်လက်ပြီးသူက “လက်ရှိမှာ ဘုရားကျေးဇူးတော်ကြောင့် ဆရာလိုဒိန်းက အရမ်းစိုးရိမ်စရာတော့မရှိတော့ ဘူး။ ဒါပေမယ့် သူထိုးကြိတ်ခဲ့တဲ့ နှခေါင်းတော့ နာနေသေးတယ်။ ဆေးတွေလည်းသောက်နေရသေးတယ်။” လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် အရက္ခတပ်တော် အေအေတပ်ဖွဲ့ဟာ ပလက်ဝမြို့နယ်အတွင်းပြည်သူများအပေါ် မင်းမဲ့စရိုက်ဆန်ဆန် နှိပ်စက်ခြိမ်းခြောက်ပြီး အခြေခံလူ့အခွင့်အရေးများချိုးဖောက်နေတာကြောင့် လက်ရှိပလက်ဝမြို့နယ်ထဲက လူငယ်လူလတ်ပိုင်းများဟာ လွတ်မြောက်နယ်မြေထဲကိုတိမ်းရှောင်နေရပြီး မီဇိုရမ်ပြည်နယ်ထဲခိုလှုံသူ ၄၀၀၀ ကျော်ရှိပြီလို့ဆိုပါတယ်။
ယခုလို အရက္ခတပ်တော် အေအေ တပ်ဖွဲ့ဝင်များက ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးအပေါ် အကြောင်းမဲ့ ရိုက်နှက်၊ ထိုးကြိတ်ခြင်းဟာ အခြားသောခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအပေါ် များစွာ ကယက်ရိုက်လို့ အပြင်းအထန်ရှုတ်ချတယ်လို့ GKO က ထုတ်ပြန်ထားပါတယ်။
သတင်း – Jessie
