October 6, 2025

နယ်စပ်မှာနေထိုင်တဲ့ ကျောင်းသူ/သားများရဲ့ နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ပတ်သက်လို့ အာသံရိုင်ဖယ်နဲ့ CDF-Hualngoram တို့ညှိနှိုင်းနေ

0

Chinland Channel/ ၆ ဇန်နဝါရီ ၂၀၂၅

အိန္ဒိယ-မြန်မာ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ်-ရိဒ်ခေါဒါရ် နယ်စပ်တံတားဂိတ်ကို မီဇိုရမ်ဘက်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ပိတ်ပင်ခဲ့တာကြောင့် နယ်စပ်မှာ နေထိုင်တဲ့ ကျောင်းသူ/သားများ ရဲ့နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ ပတ်သက်လို့ အာသံရိုင်ဖယ်နဲ့ CDF-Hualngoram တို့ညှိနှိုင်းလျက်ရှိတယ်လို့ တာဝန်ရှိသူထံကသိရပါတယ်။

လက်ရှိမှာ နယ်စပ်ဒေသဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့နဲ့ ခေါမွေးကျေးရွာ တို့ကနေ မီဇိုရမ်ဘက်ခြမ်း ဇိုခေါထာရ် ကိုသွားရောက် ကျောင်းတက်နေတဲ့ ကျောင်းသား ၅၀၀ ကျော်ရှိသလို ဇိုခေါထာရ်ဘက်ကနေ ရိဒ်ခေါဒါရ် ဘက်ကို လာရောက်ပြီး ကျောင်းတက်သူတွေလည်းရှိနေတယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ရဲမှူးရုံးရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် ကို အသက်မပြည့်သေးတဲ့ ကလေးငယ်များအတွက် ထုတ်ပေးမှာ မဟုတ်ကြောင်းထည့်သွင်းဖော်ပြခဲ့တာ ကြောင့် အဆိုပါကျောင်းသူ/သားများရဲ့ သွားရေးလာရေးကိစ္စက မရေရာတဲ့ အခြေအနေမှာရှိနေပြီး CDF-Hualngoram က ညှိနှိုင်းလျက်ရှိကြောင်းသိရပါတယ်။

“ ကျွန်တော်တို့ဘက်ခြမ်းကနေ ဟိုဘက်ကိုကျောင်းသွားတက်တဲ့သူရှိသလို ဟိုဘက်ကနေလည်း ဒီရိဒ်ခေါဒါရ်ကို ကျောင်းလာတက်တဲ့သူတွေရှိတယ်။ အဲဒီကလေးတွေရဲ့ သွားရေးလာရေးကိစ္စနဲ့ ပက်သက်လို့ ကတော့ ကျွန်တော်တို့ညှိနှိုင်းနေပါတယ်။ အဆင်ပြေမယ်လို့လည်းမျှော်လင့်ထားပါတယ်။” လို့ CDF-Hualngoram ရဲ့ AGS1 က Chinland Channel ကိုပြောပါတယ်။

အိန္ဒိယ ဗဟိုအစိုးရဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝမှတ်တမ်းကိုမှတ်တမ်းယူ ကောက်ခံဖို့ စီစဉ်ခဲ့ရာ မီဇိုရမ်ပြည်နယ် အစိုးရအပါအဝင် အစိုးရမဟုတ်သောအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ကန့်ကွက်ခဲ့လို့ ရပ်နားခဲ့ရခြင်းဖြစ်ပါတယ်။ ယခုတစ်ခါနယ်စပ်ဖြတ်ကျော်ခွင့်ကို အကြောင်းပြ ပြီး စစ်ဘေးရှောင်များရဲ့ဇီဝမှတ်တမ်းကိုကောက်ယူဖို့ပြင်ဆင်တာဖြစ်နိုင်ကြောင်းလည်း AGS1 က သုံးသပ် ထားပါတယ်။

လက်ရှိမှာ နယ်စပ်ရှိ ပင်မတံတားဂိတ်အပြင် လူအဝင်အထွက်လုပ်လို့ရတဲ့ နေရာ ၄ ခု လောက်ကို အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံနဲ့ စောင့်ကြည့်လျက်ရှိရာ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် ရရှိထားသူများသာ အဝင်အထွက်လုပ်လို့ရကြောင်းသိရပါတယ်။

ယခုလိုနယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ခြင်းက အချိန်ကြာလာရင်နှစ်နိုင်ငံ နယ်စပ်မှာနေထိုင်တဲ့ ပြည်သူများ အတွက်အစစအရာရာမှာ အကြပ်အတည်းနဲ့ရင်ဆိုင်ရနိုင်တယ်လို့လည်း နယ်စပ်မှာနေထိုင်သူများထံကသိရ ပါတယ်။

သတင်း – Jessie

ပုံအညွှန်း – ဇိုခေါထာရ် – ရိဒ်ခေါဒါရ်နယ်စပ်တံတားနားမှာတွေ့မြင်ရတဲ့ ကျောင်းသူ/သားများ

ဓါတ်ပုံ – All India Radio News Aizawl

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed