တွန်းဇံမြို့အား ဗုံးကြဲတိုက်ခိုက်မှု စီမံကိန်းရုံးပျက်စီး၊ အရပ်သား ၁ဦး ထိခိုက်ဒဏ်ရာရ
Chinland Channel/ ၁၉မေ ၂၀၂၅
ချင်းပြည်၊တွန်းဇံမြို့အား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စီမံကိန်းရုံးအဆောက်အဦထိခိုက်ပျက်စီးပြီး အရပ်သားတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသွားကြောင်း တွန်းဇံဒေသခံများထံမှ သိရသည်။
ယနေ့ မေလ ၁၉ရက် ၁၁နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး တွန်းဇံမြို့၊ KhuaVung LeiSang ရပ်ကွက်တွင် ဗုံးသီးပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က Chinland Channel သို့ပြောသည်။
“စီမံကိန်းရုံးထိသွားပါတယ်။ လူသေဆုံးတာတော့မရှိဘူး၊ အဲ့ရုံးထဲမှာ အရင်တုန်းဇံမြို့သိမ်းတိုက်ပွဲတုန်းက နေအိမ်ဗုံးမှန်လို့ မီးလောင်သွားသည့် မိသားစုတစ်စု နေကြတာဗျာ၊ မိသားစုသုံးယောက်မှာ အမေနဲ့ သမီးဖြစ်သူတို့ မြို့ထဲလည်နေတော့ သူတို့မထိဘူး၊ ဖခင်ဖြစ်သူက အိမ်ထဲမှာနေတာ ခြေထောက်တစ်ဖက်မှာ ထိခိုက်ဒဏ်ရရာသွားပါတယ်” ဟု တွန်းဇံဒေသခံတစ်ဦးက Chinland Channel ကိုပြောသည်။
အသက်၅၀ကျော်အရွယ် ဦးပြည်ကျော်ဆိုသူသည် ခြေထောက်တစ်ဖက်တွင် ဗုံးဆမှန်ဒဏ်ရရသွားကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ ၎င်းတို့မိသားစုသည် တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်သဖြင့် စီမံကိန်းရုံးတွင် ယာယီနေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
ချင်းပြည်၊တွန်းဇံမြို့ကို ၂၀၂၄ခုနှစ် မေလ ၂၃ရက်နေ့တွင် Chinland Council အဖွဲ့ဝင်များမှ အပြီးသတ်သိမ်းပိုက်ထားပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေခြင်းဖြစ်ပြီး တစ်ဖက်တွင် Zomi Revolution Army တပ်ဖွဲ့များမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့သည်။
လက်ရှိတွန်းဇံမြို့ပေါ်တွင် စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်နေသော Chinland Council အဖွဲ့ကို ထောက်ခံအားပေးသည့်ပြည်သူများနေထိုင်လျက်ရှိပြီး Zomi Revolution Army တပ်ဖွဲ့နှင့် ပါဝင်ပက်သက်နေသော ဒေသခံအချို့ နေရပ်စွန့်ခွါတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
သတင်း-Joshua
ဓာတ်ပုံ- CJ
ပုံစာ- ယနေ့ မေလ၁၉ရက်နေ့တွင် စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတွင် တွန်းဇံမြို့ရှိ စီမံကိန်းရုံးမြင်ကွင်း

