တီးတိန်မြို့ပေါ်တွင် ဆန္ဒမဲထည့်သူများပြား၊ ကျေးရွာအချို့မှ ပြည်သူများလည်း မဲထည့်ကြောင်းသိရ
Chinland Channel/ ၂၈ ဒီဇင်ဘာလ ၂၀၂၅
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်တွင် စစ်ကော်မရှင်တပ်၏ အတုအယောင်ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပခဲ့ရာ ဆန္ဒမဲထည့်သည့် ပြည်သူအများအပြားရှိခဲ့ပြီး ကျေးရွာအချို့မှ ပြည်သူများလည်း ဆန္ဒမဲထည့်ကြကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ရက်တွင် ကျင်းပသည့် စစ်ကော်မရှင်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲထည့်သည့် နံနက်ပိုင်းတွင် စစ်တပ်ဘက်က တီးတိန်မြို့ပေါ်၌ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့နေချိန် ဆန္ဒမဲထည့်ရန် ပြည်သူအများအပြား သွားခဲ့ကြသည်ဟု မြို့နေဒေသခံတစ်ဦးက ပြောသည်။
“တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တောင် ဂရုမစိုက်ကြပါဘူး။ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် TCBC အသင်းတော်မှ အသင်းသားတွေအားလုံး မဲထည့်ခဲ့ကြတယ်။ သူတို့အသင်းတော်ကနေ ဖိအားပေးခံရတာလည်းဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေတောင် မဲထည့်ခဲ့ကြတာလေ။ ငါတို့မဲမထည့်တာ ပေါက်ကြားသွားရင် သတင်းပို့ခံရမှာကြောက်လို့ မဲထည့်ခဲ့ကြတာလို့ပြောတယ်။ စစ်တပ်က တပ်ကုန်းကနေ လက်နက်ကြီးပစ်နေချိန် ပြည်သူတွေက မဲထည့်ဖို့သွားကြတာပါ။ လက်နက်ကြီး လေးကြိမ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြတယ်” ဟု တီးတိန်မြို့နေ ဒေသခံတစ်ဦးက Chinland Channel သို့ပြောသည်။
တီးတိန်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်ထောက်ခံသူများမှ TCBC အသင်းတော်အပါဝင် ZBCM အသင်းတော်၊ Siangsawn သာသနာတော်၊ Lai pian အသင်းတော်တို့မှ အသင်းသားများအား ဆန္ဒမဲထည့်ကြရန် ဖိအားပေးခဲ့ကြောင်း အဆိုပါဒေသခံထံမှ သိရသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင် တီးတိန်မြို့ပေါ်ရပ်ကွက်လေးခု၌ မဲရုံ (၅)ရုံထားရှိပြီး Non CDM ဝန်ထမ်းများ၊ မြို့မရပ်ကွက်မှ လူကြီးအချို့ နှင့် တီးတိန်မြို့နယ်၊ Vaivet၊ Kaptel၊ Laitui စသည့်ကျေးရွာများမှ ပြည်သူတချို့လည်း မဲပေးခဲ့ကြကြောင်း သိရသည်။
” PDF Zoland ကလည်း ခြိမ်းခြောက်တဲ့စာသာထုတ်ပြန်ပြီးတော့ လက်တွေ့အကောင်အထည်မဖော်တော့ ဒီလိုတွေ ဖြစ်ကုန်တာပါ။ Non CDM ဝန်ထမ်းတွေက မင်းတို့တော်လှန်ရေးကလည်းအောင်မှာမဟုတ်ဘူး၊ ရွေးကောက်ပွဲကိုတောင် ပေါ်တင်မဲပေးလို့ရတယ်ဆိုပြီး လာလာခနဲ့နေတာ။ ဒီနေ့ မဲထည့်ဖို့ လူအများအပြားသွားနေကြတာတွေ့တော့ ရင်ထဲမှာ အဆင်ပြေမနေဘူး။” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ဟားခါးမြို့၌ မြို့ပေါ် ရပ်ကွက်ရှစ်ခုတွင် မဲရုံ( ၁၂ )ရုံနှင့် တီးတိန်မြို့ပေါ်ရပ်ကွက်လေးခု၌ မဲရုံ (၅)ရုံ၊ ခိုင်ကမ်းမြို့ ရပ်ကွက်(၄)ခုတွင် မဲရုံတစ်ရုံ စုစုပေါင်းမဲရုံ(၆)ရုံမှာ ပြည်သူများ လာရောက်မဲပေးကြကြောင်း စစ်
ကော်မရှင်က သတင်းထုတ်ပြန်သည်။
သတင်း-Joshua
ဓာတ်ပုံ-MOI


