October 6, 2025

တီးတိန်မြို့နယ်က မွှာလ်ဘဲမ်းရွာ အုပ်ချုပ်ရေးမှူးကို PDF Zoland တပ်ဖွဲ့မှ ဖမ်းဆီးပြီးနောက် မွှာလ်ဘဲမ်းရွာနှင့် ဇာန်ဇောလ်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ

0

Chinland Channel/ ၂၅ သြဂုတ် ၂၀၂၅

ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ် မွှာလ်ဘဲမ်းရွာ (Mualbem)နှင့် ဇာန်ဇောလ်ရွာ(Zangzawl)ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၂၅ရက် နေ့လယ် ၁နာရီ ၁၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်းဒေသခံ တစ်ဦးထံမှ သိရသည်။

“မွာလ်ဘဲမ်းမှာ ဗုံးသီးငါးလုံးကျသွားတာ၊နှစ်လုံးတော့ ပေါက်ကွဲခြင်းမရှိဘူးသိရတယ်။ ဇာန်ဇောလ်မှာတော့ ဗုံးသီးသုံးလုံးကျရောက်ပေါက်ကွဲတယ်လို့သိရတယ်။ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိပါဘူး။ ဒီအတိုင်းအကြောင်းမရှိ ဗုံးကြဲသွားတာဖြစ်ပါတယ်။” ဟု ဒေသခံတစ်ဦးက Chinland Channel ကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့တွင် မွှာလ်ဘဲမ်းရွာ အုပ်ချုပ်ရေးမှူး ဦးဟောက်ခန့်နန် သည် စစ်ကောင်စီတပ်အတွက် သတင်းပေးဒလန်လုပ်သည်ဟုဆိုကာ PDF Zoland တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ယခုကဲ့သို့ ကျေးရွာအချို့ကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

မွှာလ်ဘဲမ်းရွာ အုပ်ချုပ်ရေးမှူး ဦးဟောက်ခန့်နန်သည် တီးတိန်မြို့နယ်၊ စကော့လမ်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ကျေးရွာတွင် အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

မွာလ်ဘဲမ်းကျေးရွာသည် တီးတိန်မြို့မှ ၁၈မိုင်ခန့်ဝေးကွာပြီး ဇာန်ဇောလ်ရွာသည် မွာလ်ဘဲမ်းရွာမှ နှစ်မိုင်ခန့်အကွာတွင် တည်ရှိသောကျေးရွာဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင်လည်း Mualbem ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံအရပ်သားနှစ်ဦးသေဆုံးခဲ့သေးသည်။

သတင်း-Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed