October 6, 2025

တိုက်ပွဲပြင်းထန်နေသည့် ဖလမ်းမြို့တွင်းသို့ ပြည်သူများ ဝင်ထွက်သွားလာခွင့်မပြုဟု CNDF ထုတ်ပြန်

0

Chinland Channel / ၁၃ ဒီဇင်ဘာ ၂၀၂၄

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မြို့သိမ်းစစ်ဆင်ရေးတိုက်ပွဲပြင်းထန်လျက်ရှိပြီး ဖလမ်းမြို့တွင်းသို့ ပြည်သူများအား ဝင်ထွက်သွားလာခွင့်မပြုကြောင်း ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (CDNF) မှ ယနေ့ ဒီဇင်ဘာလ ၁၃ရက်တွင် ထုတ်ပြန်သည်။

ဖလမ်းမြို့အတွင်းသို့ စစ်ဆင်ရေးတိုက်ပွဲဝင်နေသူများမှအပ မည်သူမဆို လုံခြုံရေးနှင့် စစ်ရေးအရ ဝင်ထွက်သွားလာြခင်းကို ပတ်ပင်ထားခြင်းဖြစ်သည်ဟု ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီထွဋ်က ချင်းလဲန်းချန်နယ်ကို ပြောသည်။

ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီထွဋ်က “အဓိက ကတော့ လုံခြုံရေးအတွက် မဖြစ်သင့်တာတွေ မဖြစ်အောင်ကျွန်တော်တို့ တားဆီးတဲ့ သဘောပါ။ ဥပမာအနေနဲ့ မြို့ထဲမှာ စစ်ပွဲဆင်နွှဲနေတဲ့အချိန်မှာ ပြည်သူတွေမသိသင့်တဲ့ အရာတွေရှိတာပေါ့ ။ တပ်ဘယ်မှာ ထားထားသလဲ၊ လုံခြုံရေးဂိတ်ဘယ်မှာ ထားသလဲ စသဖြင့် အဲ့တာတွေကို အများပြည်သူက သိစရာမလိုဘူး။ ဆိုတော့ မြို့ထဲ ဝင်ထွက်သွားလာမှုတွေရှိရင်လည်း ပြည်သူတွေ လုံခြုံမှုမရှိဘူး။ နောက်ပြီးတော့ စစ်ဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေ သွားလာလှုပ်ရှားမှုရှိရင် ခလရ ၂၆၈ ကနေ စောင့်ကြည့်တာတွေရှိတော့ လုံခြုံရးအတွက် ဖြစ်ပါတယ်။” ဟု ပြောသည်။

လက်ရှိတွင် ဖလမ်းမြို့ပေါ် နေရာအများစုကို ချင်းညီနောင်အဖွဲ့မှ ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် ခလရ (၂၆၈ )တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း
ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထံမှ သိရသည်။

မြို့သိမ်းတိုက်ပွဲအတွင်း ဖလမ်းမြို့လူနေအိမ်များ ပျက်စီးရှုံးဆုံးမှုအခြေအနေကိုမူ စစ်ဆင်ရေးမပြီးဆုံးသေးသည့်အတွက် ပြောဆို၍မရကြောင်း ဆလိုင်း တင်မီထွဋ်က ဆိုသည်။

ဖလမ်းမြို့ ခလရ (၂၆၈ )တပ်ရင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဖလမ်းမြို့အား စွန့်ခွာသွားလိုပါက သွားလိုရာသွားခွင့်ပေးမည်ဟု ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ဒုဥက္ကဌ ဆလိုင်းပီတာထန်းက ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ကမ်းလှမ်းခဲ့သည်။

ထို့အပြင် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ missile များဖြင့် တောက်လျှောက်စစ်ကူပေးနေသည့်အတွက် အလုံးစုံအောင်မြင်နိုင်ရန် လက်နက်ခဲယမ်း၊ ကျည်များ လိုအပ်လျက်ရှိရာ တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြရန် (CNO/CNDF)၏ အထွေထွေအတွင်းရေးမှူး ဆလိုင်း ဝီလီလျှံ ချင်းက တိုက်တွန်းထားသည်။

ဖလမ်းမြို့နှင့် မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့မှစတင်၍ CB Operation စစ်ဆင်ရေးဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

သတင်း- Joshua
ပုံအညွှန်း။ ။ ဖလမ်းမြို့ပေါ်မြင်ကွင်း

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed