ဆမီးမြို့မှ ချင်းအမျိုးသမီးတစ်ဦး မုဒိမ်းပြုကျင့် နှိပ်စက်ခံရ
Chinland Channel/ ၂၅ နိုဝင်ဘာ ၂၀၂၄
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မှ အရက္ခတပ်တော် အေအေ ထိန်းချုပ်နယ်မြေအတွင်းရှိ ဆမီးမြို့က ခူးမီး အမျိုးသမီးတစ်ဦး နိုဝင်ဘာလ ၂၂ ရက်နေ့၌ နှိပ်စက်မုဒိမ်းပြုကျင့် နှိပ်စက်ခံရကြောင်း သိရသည်။
နှိပ်စက်မုဒိမ်း ပြုကျင့်ခြင်း ခံခဲ့ရသူသည်ဆမီးမြို့၊ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ကလေး ၃ ဦး၏မိခင်ဖြစ်ကာ လက်ရှိ ဆမီးမြို့ ဆေးရုံမှာ ဆေးဝါးကုသမှုခံယူလျက်ရှိကာ ခြေ၊လက် မလှုပ်ရှားနိုင် သတိလစ်မေ့မျောနေသည်။
၎င်းအမျိုးသမီးသည် နိုဝင်ဘာလ ၂၂ ရက်၌ တောထွက်ဟင်းရှာရာမှ အချိန်မှီအိမ်ပြန်မရောက်တော့သဖြင့် လိုက်လံရှာဖွေကြရာ နှိပ်စက်ခံဒဏ်ရာများနှင့် သတိလစ်လျက် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ ၂၂ ရက်နေ့မနက်ပိုင်းမှာ ဟင်းထွက်ရှာရင်းနဲ့ပေါ့နော်၊ ပြန်မလာတော့လို့ မိသားစုဝင်တွေက ညနေပိုင်းကနေ စရှာတာ မတွေ့ဘူး။ နောက်တစ်နေ့ ၂၃ ရက်မှာပြန်ရှာကြတာ ဆမီးမြို့နား ကွင်းပြင်ထဲက ချုံပုတ်ထဲမှာ သစ်ရွက်တွေဖုံးထားတဲ့နေရာကနေ အသက်ရှုညီးသံတွေကြားလို့ အဲ့မှာပြန်တွေ့ကြတာ။ တွေ့တဲ့အချိန်မှာ အဝတ်ဗလာ နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ ဒဏ်ရာတွေနဲ့ပြန်တွေ့တာ။ မနေ့ကဆရာဝန်စစ်ဆေးချက်အရ မအင်္ဂါမှာ ဒဏ်ရာတွေရသလို သုတ်ပိုးတွေလည်းတွေ့ရတယ်။” ဟု ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း – GKO ပြောခွင့်ရ ပုဂ္ဂိုလ် မှ Chinland Channel ကိုပြောသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီး မုဒိမ်းကျင့်ခံခဲ့ရသည့်ကိစ္စနှင့်ပက်သက်၍ မည်သူမည်ဝါကျူးလွန်သည်ကို စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်ကြသေးကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ဘက်ကနေတော့ ပြစ်မှုကျူးလွန်မယ်လို့ ယုံကြည်ထားတဲ့သူတွေရှိပေမယ့် အတိအကျမပြောနိုင် သေးဘူးပေါ့။ သူသတိရလာရင် သူအကုန်သိမှာပဲ။ အဲဒီနောက်ပိုင်းကျမှ အဲဒီဆမီးဘက်မှာ အုပ်ချုပ်ရေးဖော် ဆောင်နေတဲ့ အေအေ တပ်ဖွဲ့ဝင်တွေ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ စောင့်ကြည့်ရမယ်။” ဟု ကြားကာလ ခူမီးမျိုးနွယ်စုများအတိုင်ပင်ခံကောင်စီ (IKACC) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဒေသခံအမျိုးသမီး မုဒိန်းကျင့်ခံထားရသည့်ကိစ္စနှင့်စပ်လျဉ်းပြီး ဒေသတွင်းအုပ်ချုပ်ရေးယန္တရားဖော်ဆောင် ထားသည့် အရက္ခတပ်တော်မှ ဒီကနေ့အထိတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။
သတင်း – Jessie
