October 6, 2025

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်မှာ ၅ နှစ်အတွင်း ပြည်သူ ၄၀ သေဆုံးပြီး ၁၂၀ ထိခိုက်ဒဏ်ရာရခဲ့

0

Chinland Channel / ၂၅ ဩဂုတ် ၂၀၂၅

အကြမ်းဖက်စစ်ကောင်စီမှ မတရာအာဏာသိမ်းပြီး ၅ နှစ်တာကာလမှာ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ နယ်ထဲကို လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အယောက် ၄၀ သေဆုံးပြီး ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ ကြားကာလမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၅ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စုဆောင်းပြုစုထားတာဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၂၇ ရက် ကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့အထိ ပြုစုထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၇၆ ထက်မနည်းပြုလုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ဗုံးအလုံးရေ ၃၂၉ အသုံးပြုခဲ့တာကြောင့် ကလေးသူငယ် နဲ့ အမျိုးသမီးများ အပါအဝင် အယောက် ၄၀ သေဆုံးပြီး ၁၂၀ ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

အလားတူ အဆိုပါ ၅ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူနေအိမ် (၁၇၂) လုံး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းစတဲ့အစိုးရအဆောက်အဦး(၄၀) ခု နဲ့ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီး ကျောင်း စတဲ့ ဘာသာရေးအဆောက်အဦး (၁၈)ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ယခုထုတ်ပြန်ထားတဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့မှ ဒီဇင်ဘာလ (၂၁) ရက်နေ့အထိ ဆင်နွှဲခဲ့တဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲကာလ အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့်ပျက်စီးဆုံးရုံးမှုများကို ထည့်သွင်းရေတွက်ထားခြင်း မရှိဘူးလို့ဆိုပါတယ်။

သတင်း – Jessie
ပုံအညွှန်း – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများ
ဓါတ်ပုံ – ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed