October 6, 2025

ကြံသာရွာဘက်သို့ ဟံသာဝတီမှတဆင့် စစ်ကောင်စီ ပြင်းထန်စွာ စစ်ကြောင်းထိုးနေ၊ ရန်သူ ကျဆုံးမှုရှိ 

0

Chinland Channel ၊ ၄ သြဂုတ် ၂၀၂၅ 

ပြည်သူ့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ အပြည့်အဝထိန်းချုပ်ထားသော ကလေးနယ်တောင်ပိုင်း အစွန်ရှိ ကြံသာရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတပ်များမှ ဟံသာဝတီရွာမှတဆင့် ပြင်းထန်စွာ စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ 

လွန်ခဲ့သော သြဂုတ်လ ၂ ရက်နေ့တွင် အင်အား ၂၀၀ ကျော်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကြောင်းခွဲကာ ကြံသာရွာကို ထိုးစစ်ဆင်မှု စတင်ပြုလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှု ရှိခဲ့ကြောင်း သိရှိရသည်။ 

“ သူတို့ဘက်ကနေတော့ ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီး လာလာတိုက်နေတာက ၃ လကျော်လာပါပြီ။ ဒါပေမယ့် အခုသြဂုတ်လအစမှာတော့ ကြီးမားတဲ့ အင်အားကိုသုံးပြီး စစ်ကြောင်းခွဲ ထိုးစစ်ဆင်လာတဲ့အနေအထားပါ။ ၂ ရက်နေ့ မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်လာတာဖြစ်ပြီး အဲ့နေ့ တစ်ရက်တာလုံး တိုက်ပွဲပြင်းထန်ပါတယ်။ ညနေပိုင်းလောက်မှကို သူတို့ဘက်က ပြန်ဆုတ်သွားကြတာ ဖြစ်တယ်။ အဲ့နေ့ တိုက်ပွဲမှာ သူတို့ဘက်က အနည်းဆုံး ၃ ယောက်ကျတယ်ဆိုတာတော့ အတွင်းသတင်းအရ အခိုင်အမာသိရပါတယ်။ စခရော၊ ပျူ ရောထိတယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ရဲဘော် တစ်ယောက် သူတို့လက်နက်ကြီးကြောင့် ဒဏ်ရာရပါတယ်။ “ ဟု CDF-KKG မှ တာဝန်ရှိသူ တစ်ဦးက Chinland Channel ကို ပြောပါသည်။ 

ပြန်လည်ဆုတ်ခွာသွားသော စစ်ကောင်စီ စစ်ကြောင်းသည် သြဂုတ် ၃ ရက်နှင့် ယနေ့ ၄ ရက်နေ့များတွင်လည်း ပြန်လည်ထိုးစစ်ဆင်မှု ပြုလုပ်နေပြီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကြောင်း သိရသည်။ 

“ သူတို့ စစ်ကြောင်း ပြန်ဆုတ်တယ်ဆိုတာက ဟံသာဝတီအထိ အပြီးသတ်ဆုတ်တာမျိုး မဟုတ်ပဲ မီတာ ၂၀၀၀-၃၀၀၀ စသဖြင့် ဆုတ်ခွာသွားလိုက်၊ ပြန်လာထိုးလိုက် လုပ်နေတာမျိုးပါ။ ကြားသိရတဲ့ အတွင်းသတင်းတွေအရကလည်း ဒီလ သြဂုတ် ၁၅ မတိုင်ခင်မှာ ကြံသာကိုပြန်သိမ်းရမယ် အမ်ိန့်ရှိတယ်ပေါ့။​ ဆိုတော့ သူတို့တပ်သားတွေ၊ ပျူစောထီးတွေကို ရင်းပြီးထိုးမယ့် သဘောရှိတယ်။ မနေ့နဲ့ ဒီနေ့ တိုက်ပွဲမှာတော့ ရန်သူက ၂ ယောက်ထပ်ကျပါတယ်။ ကျနော်တို့ဘက်ကတော့ အခုထိ သိမ်းပိုက်ပြီးသမျှ တလက်မမှ ပြန်မပေးရသေးပါဘူး။ ရန်သူ့စစ်ကြောင်းကို ကာကွယ်နိုင်ဆဲပါ။ စစ်ကြောင်းကာဖို့အတွက် နှုတ်ခမ်းနီဖိုးတွေ လှူဒါန်းနိုင်ကြဖို့တော့ ပြောချင်ပါတယ်။ “ အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။  

CDF-KKG Major Operation အမည်ဖြင့် ကလေးနယ်တောင်ပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်ခဲ့ရာတွင် ကြံသာရွာကို ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်မှုပြုလုပ်နေသည်မှာ ၃ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed